မြန်မာဇာတ်ကားတွေ လူနည်းစုကို ထိခိုက်စေတယ်လို့ ဝေဖန်ခံနေရ

နန်းမို၊ မျိုးမင်း
2020.09.05

မြန်မာ့ရုပ်ရှင်တွေထဲမှာ ထိရှလွယ်တဲ့ မသန်စွမ်းတွေ၊ လိင်စိတ်ကွဲပြားသူတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတဲ့၊ လှောင်ပြောင်တဲ့ ဇာတ်ကွက်တွေ ပါဝင်နေတယ်လို့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာ တစ်စောင်မှာ ထောက်ပြထားပါတယ်။


အနယ်နယ်အရပ်ရပ်မှာ လူကြိုက်များတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ လူနည်းစုတွေကို ထိခိုက်စေတဲ့ ရိုက်ကူးသရုပ်ဖော်ချက်တွေ ပါဝင်နေတယ်လို့ ထောက်ပြမှုတွေ ရှိလာနေပါတယ်။

၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေတုန်းက ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ၂ဝဝ ကျော်ထဲက ဇာတ်ကား ၃ဝ နီးပါးကိုလေ့လာပြီးတော့ မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တစ်စောင်မှာဆိုရင် ရုပ်ရှင် ဇာတ်ကားတွေကြောင့် တိုင်းရင်းသား မျိုးနွယ်စုတွေ၊ မသန်စွမ်းသူတွေ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုဖြစ်စေတဲ့ အချက်တွေပါနေတယ်လို့ ထောက်ပြထားတာပါ။

အစီရင်ခံစာထုတ်ဝေတဲ့ ရန်ကုန်အခြေစိုက် လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးသက်ဆွေဝင်းက ရုပ်ရှင်တွေဟာ ပျံ့နှံ့မှုအားကောင်းတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေကို ဂရုတစိုက် ထုတ်ဝေသင့်တယ်လို့ RFA ကို ပြောပါတယ်။

“ကျင့်ဝတ်နဲ့မညီတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေက ရုပ်ရှင်တစ်ကားတည်းနဲ့ မပြီးပါဘူး။ ရုပ်ရှင်ကြည့်တဲ့ သူတွေ တစ်ယောက်ချင်းစီကိုပါ အဲဒီလို ဇာတ်လမ်း၊ ဇာတ်ကွက်တွေပါလိုက်တာ စိတ်ထဲမှာဝင်သွားလိုက်ရင် သူ့တို့ပတ်ဝန်းကျင်မှာ ပြန်ပြီးတော့ ကျင့်သုံး၊ ကျင့်ကြံကြရင် လူ့အဖွဲ့အစည်းမှာ အမုန်းတရားတွေ၊ အာဃာတ တွေ လူတွေအချင်းချင်းကြားမှာ ခွဲခြားဆက်ဆံတာတွေ၊ ဒါတွေပိုပြီး ပျံ့နှံ့သွားပါမယ်”

ရုပ်ရှင်ထဲမှာ မှားယွင်းတဲ့အယူဆတွေ၊  လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ လူသားကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ ရိုက်ကူးချက်တွေ မပါစေဖို့ သတိပြုမိအောင် ထောက်ပြတာလို့  ဦးသက်ဆွေဝင်း က ရှင်းပြပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေကို တစ်ချိန်က ရုံတင်မှကြည့်နိုင်ကြရာကနေ ရုပ်သံလိုင်းတွေ များပြားလာတဲ့ ဒီနေ့ခေတ်မှာတော့ ရုပ်ရှင်တွေကို အွန်လိုင်းကနေ ကြည့်ရှုသူတွေလည်း များပြားလာနေပါတယ်။

ရုပ်ရှင်ထဲက အယူအဆအလွဲတွေကို သာမန်အရပ်သားတွေက အတုယူပြီးကျင့်သုံးလာရင် ခွဲခြားဆက်ဆံတဲ့ စရိုက်လက္ခဏာနဲ့ ယဉ်ပါးတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်လာနိုင်တယ်လို့ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ရန်ကုန်မြို့က မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ လပြည့်က မြန်မာ့ရုပ်ရှင်တွေမှာ လိင်ကွဲပြားသူတွေကို လှောင်ပြောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။

“အဲဒီလို ဇာတ်ဝင်ခန်းတွေပါတော့ စိတ်မကောင်းဖြစ်မိတယ်။ ကြည့်ရင်းနဲ့လည်း ဒေါသထွက်တယ်။ အဲဒါတွေက မလုပ်သင့်ဘူးလေ။ ဘယ်သူမှ အဲလိုမဖြစ်ဘူး။ သူတို့ကတော့ ဟာသသဘောနဲ့ အဲဒီလို လုပ်လိုက်ပေမယ့် တဖက်သူအတွက်တော့ နစ်နာတယ်။ သူတို့ရဲ့အလုပ်ကို ထိခိုက်နိုင်တယ်၊ လူသားချင်းစာနာပြီး ချိုးနှိမ်တဲ့ဇာတ်ဝင်ခန်းတွေ ပုဂ္ဂိုလ်ရေး မထိခိုက်တာတွေ မလုပ်ရင် ကောင်းမယ်”

အထင်ကရ ရုပ်ရှင်လောကသားတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာက လူလူချင်းခွဲခြားတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ ပိတ်ပင်ဖို့အတွက် ၂၀၁၇ ခုနှစ်တုန်းက မြန်မာ့ရုပ်ရှင် အစည်းအရုံးက ဦးဆောင်ကျင်းပတဲ့ ညီလာခံအပြီးမှာ ထည့်သွင်ဆွေးနွေးဖြစ်ကြတယ်လို့ ပြောပါတယ်။

“အဲဒီဟာတွေကို ကျွန်တော်တို့ ကိုယ်တိုင် ၂၀၁၇-ခုနှစ်က ဒါတွေမလုပ်သင့်တော့ဘူး၊ ဒါတွေကြောင့် ဆင်ဆာနဲ့ ပြဿနာဖြစ်ကြတယ်၊ ဆင်ဆာကလည်း ဒါတွေကြောင့် သူတို့ဆင်ဆာ လုပ်ရပါတယ်လို့ ပြောနေတဲ့အတွက် ၂၀၁၇ ခုနှစ် ညီလာခံတစ်ခုလုံးမှာ အဲဒါတွေ မလုပ်ကြပါနဲ့လို့ ထွက်ရှိပါတယ်”

အစီရင်ခံစာမှာ ထောက်ပြထားတဲ့ ဇာတ်ကားတွေဟာ ရုပ်ရှင်အစည်းအရုံး ညီလာခံမတိုင်ခင်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဒါရိုက်တာ မောင်သူရက ပြောပါတယ်။

အစီရင်ခံစာအတွက် လေ့လာခဲ့တဲ့ ဇာတ်ကားတွေထဲမှာ မသန်စွမ်းသူ ဇာတ်ရုပ်ပါဝင်တဲ့ ဇာတ်ကား ၈ ခုပါပြီးတော့၊ ၇ ခုက ပရိသတ်တွေ ရယ်မောအောင် မသန်စွမ်းဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ထားတာပါ။

အစီရင်ခံစာရဲ့ အမည်ကို တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါလို့ ပေးထားပါတယ်။

ရုပ်ရှင်ရိုက်စက် ကိရိယာနဲ့ နည်းပညာ အားနည်းတာကြောင့် အစောပိုင်း မြန်မာ့ရုပ်ရှင်တွေဟာ ပိတ်ကားပေါ်မှာ တုန်တုန်မှုန်မှုန် ဖြစ်ခဲ့တဲ့အတွက် ‘မေတ္တာနဲ့ သူရာ’ ရှင်ရှင်ဇာတ်ကားမှာဆိုရင် တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါလို့ စာတန်းထိုးခဲ့ပါတယ်။ နည်းပညာအားကောင်းလာတဲ့ ဒီနေ့ခေတ် ရုပ်ရှင်တွေဟာ တုန်ခြင်း၊ မှုန်ခြင်း မရှိတော့ပေမယ့် လူ့အဖွဲ့အစည်းကို ဖော်ပြရာမှာ တုန်တုန်မှုန်မှုန်နဲ့ မပီမသ အခြေအနေ ဖြစ်နေတုန်းပဲလို့ ဒီအစီရင်ခံစာက ဝေဖန်ပါတယ်။

“ဤကဲ့သို့ လှောင်ပြောင်ခြင်း၊ ရယ်စရာအဖြစ် သတ်မှတ်ခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ခွဲခြားနှိမ့်ချမှုများ ရောက်ရှိသွားနိုင်သည့် အချက်မှာ စိုးရိမ်စရာပင် ဖြစ်သည်” လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။