ဆန္ဒပြသပိတ်တွေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ကြိုးစားနေသူ
2024.10.29

စစ်ကိုင်းတိုင်းမှာ နေထိုင်တဲ့ ကိုလွမ်းသူဟာ အာဏာမသိမ်းခင်က ကဗျာဆရာနဲ့ အင်ဂျင်နီ ယာတစ်ဦးပါ။ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် တော်လှန်ရေးမှာ ပါဝင်ပြီး မြေပြင်သပိတ်လှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။ အကြမ်းမဖက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို အညာဒေသလို့ ခေါ်ကြတဲ့ သူ့ဇာတိမြေ စစ်ကိုင်းတိုင်းမှာ ဆောင်ရွက်နေတာပါ။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ အပါအဝင် စစ်ကိုင်းဖိုရမ်လှုပ်ရှားမှုတွေမှာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ နိုင်ရာကနေ တိုက်ပွဲဝင်ပါတယ်။ ဒီမိုကရေစီ အသီးအပွင့်တွေ ခံစားနေရတဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်တာကို မလိုလားတာကြောင့် တော်လှန်ရေးမှာ ပါဝင်လာတာလို့ ဆိုပါတယ်။
“တစ်စုံတစ်ရာ လွတ်လပ်ခွင့်ရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ အညွန့်တွေကို ကျွန်တော်တို့ရဲ့ ဖူးသစ်စ အရာတွေအားလုံးကို ဖျက်ဆီးလိုက်သလို ခံစားရတဲ့အချိန်မှာ ကျွန်တော်တို့ ဒီလိုနေလို့တော့ မရတော့ဘူး။ ကျွန်တော်တို့ရဲ့ ဘဝဖြစ်တည်မှုတွေဟာ ဒီစနစ်ထဲမှာမျောနေလို့မရဘူး။ တကယ့်ကို ဘဝသစ် နိုင်ငံသစ်ကို တည်ဆောက်ရင်တော့ ဒီခေတ်စနစ်ကို တိုက်ထုတ်မှရမယ်ဆိုတဲ့ ကျွန်တော်တို့ စဉ်းစားချက်မှာ ကိန်းအောင်းခဲ့တယ်။ ပြီးရင် ကျွန်တော်က ကဗျာတချို့ရေးတဲ့ လူငယ်ကဗျာဆရာဖြစ်တဲ့အတွက် စာဖတ်ဖြစ်တယ်။ စာပေတွေထဲကရတဲ့ အခြေအနေတွေ သမိုင်းကြောင်း အခင်းအကျဉ်းတွေ ဒါတွေက တစ်စုံတစ်ရာ တွန်းအားတွေဖြစ်ခဲ့ပါတယ်”
လူထုသပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးရှာဖွေနေတာကြောင့် သူ့မိသားစုဝင်တွေ နေအိမ်ကနေ ထွက်ပြေးနေရပြီး အညာမြေတော်လှန်ရေးမှာ နိုင်တဲ့အားနဲ့ ပါဝင်နေတာပါ။ လက်နက်ကိုင်တော်လှန်ရေးအရေးကြီးသလို မြေပြင်လူထုတွေရဲ့ အသံတွေကို တိုက်ရိုက်ဖော်ပြနိုင်ဖို့ကလည်း တော်လှန်ရေးအတွက် အားတစ်ခုလို့ ယုံကြည်ထားသလို အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အခုချိန်ထိ ဦးဆောင်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုက တော်လှန်ရေးရဲ့ ဒေါက်တိုင်တစ်ခုအဖြစ် သူယုံကြည်ထားပါတယ်။
“သေချာတာကတော့ Non-Violence ဟာ လူထုအသံ လူထုလှုပ်ရှားမှု၊ ကမ္ဘာကြီးကလည်း သူတို့စောင့်ကြည့်တာသည် လူထုလှုပ်ရှားမှု အရှိန်အဟုန် လူထုအင်အားတွေကိုပဲ စောင့်ကြည့်နေတာဖြစ်တယ်။ အဲဒီတော့ လူထုလှုပ်ရှားမှုဟာ ဒီနွေဦးတော်လှန်ရေးရဲ့ အင်မတန်အားကြီးတဲ့အောင်ပွဲကို လျှောက်နိုင်မယ့် နည်းနာတစ်ခု နိုင်ငံရေးခုခံမှုတစ်ခုလို့ ယုံကြည်သက်ဝင်ပြီး မြဲမြဲမြံမြံ ဆုပ်ကိုင်ပြီးတော့ကို အားကောင်းသထက် အားကောင်းအောင် စိန်ခေါ်ချက် အကျပ်အတည်းတွေ များလာတဲ့ကြားက ရန်သူ့ကြောင့်ဖြစ်စေ တော်လှန်ရေးအစုအဖွဲ့တွေကြားကဖြစ်စေ လူထုလှုပ်ရှားမှုတွေရဲ့ အနှစ်သာရတန်ဖိုးဟာ လွတ်မြောက်ရေးတိုက်ပွဲအတွက် အရေးကြီးတဲ့ အားတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ရင်ထဲကကို သက်ဝင်ယုံကြည်လို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့အတူ စစ်ဘေးစစ်ဒဏ်ကို ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။ အိုးအိမ် မိသားစုတွေ ပျက်စီးနေတဲ့ ပြည်သူတွေကိုယ်တိုင် စိတ်ဓာတ်မကျဘဲ အာဏာရှင်ကို နေ့စဉ်တော်လှန်နေတဲ့အတွက် ပြည်သူတွေအပေါ်ထားတဲ့ ကတိသစ္စာတရားနဲ့ ရှေ့ဆက်နေတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။ နှစ်ကြာရှည်လာတဲ့ တော်လှန်ရေးမှာ ပြည်သူတွေကသာ အဓိက ခွန်အားဖြစ်ပြီး ဘယ်လိုအခက်အခဲရှိရှိ ပြည်သူတွေအတွက် အောင်ပွဲရှိနေတယ်လို့ သူယုံကြည်ထားတာပါ။
“တော်လှန်ရေးကိုယ်ကျင့်တရားကို ကျွန်တော်တို့ တော်လှန်ရေးသမားတွေကလည်း လုံဖို့လိုသလို ပြည်သူလူထုကလည်း လုံတဲ့တော်လှန်ရေးသမား တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံဖို့လိုတယ်။ အဲဒီဟာတွေကပဲ ကျွန်တော်တို့ရှေ့ကို ဆက်ပြီးမောင်းနှင်လို့ရမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီဖိစီးနှိပ်စက်မှုတွေ ကြားထဲမှာ အကွဲအပြဲတွေ အထိအရှတွေဖြစ်လာပြီးတော့မှ အများကြီးစိန်ခေါ်ချက်တွေဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမြဲတမ်းပဲ လူထုရဲ့ ဒုက္ခဟာ ကျွန်တော်တို့ရဲ့ဒုက္ခ။ ကျွန်တော်တို့ကိုယ်တိုင် ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့သည် လူထုရဲ့ထောက်ခံဝန်းရံမှုတွေနဲ့အတူ နောက်ထပ်ကြုံတွေ့နိုင်တဲ့ စိန်ခေါ်ချက်တွေကို ကျော်လွှားမယ်။ မောင်းနှင်မယ်လို့ ကျွန်တော်ကတော့ စဉ်းစားထားတယ်”
စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ သူ့မိသားစုဝင်လည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တစ်ဦးအဖြစ် ပါဝင်ထားတဲ့ သူ့အကိုဟာ ဒီနှစ်ထဲမှာပဲ နေထိုင်ရာ နေအိမ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးခဲ့ရတာပါ။
ဆက်နွှယ်သောသတင်းများ
အနုပညာနဲ့ တော်လှန်ရေး လုပ်နေကြသူများ
ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်
ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
စစ်အာဏာရှင်ကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်လိုလို သေဆုံးနေရတဲ့အတွက် ဒီတော်လှန်ရေးအမြန်ပြီးဆုံးပြီး သက်ဆိုင်သူတွေကို အရေးယူနိုင်မယ့်နေ့တစ်နေ့ ရောက်လာအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးမီးစာကို ထွန်းညှိနေမယ့်သူတွေ လိုနေတယ်။ ဒါကို လုပ်ကိုလုပ်ရမယ်။ ကျွန်တော်တို့ လူထုသပိတ် Non-Violence တွေဟာ အင်မတန်အရေးကြီးလိုအပ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ အတွေးအခေါ် လက်နက်တပ်ဆင်ပေးနေတဲ့ အခြေခံအကျဆုံးသော လှုပ်ရှားမှုလို့ ပြောလိုတာဖြစ်ပါတယ်။ အဲဒီတော့ Non-Violence တွေဟာ မဖြစ်မနေဆက်ပြီးတော့ ဒေသအနှံ့ ရှိနေဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”
ကဗျာတွေချစ်တဲ့ ကိုလွမ်းသူတစ်ယောက် သူယုံကြည်ရာတော်လှန်ရေးနဲ့ သူချစ်တဲ့အညာမြေမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပြည်သူ့အသံတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေမယ်လို့ ပြောပါတယ်။