မီးရှို့ခံရတဲ့ကြား အသက်လုထွက်ပြေးရတဲ့ ကိုယ်ဝန်ဆောင်နဲ့ သွေးနုသားနု မိခင်များ

2022.10.06
မီးရှို့ခံရတဲ့ကြား အသက်လုထွက်ပြေးရတဲ့ ကိုယ်ဝန်ဆောင်နဲ့ သွေးနုသားနု မိခင်များ မီးဖွားပြီးစ နာရီပိုင်းပဲရှိသေးသည့် မွေးကင်းစကလေးကို ပွေ့ချီပြီး ထွက်ပြေးခဲ့ရသည့် ကုတ္တက်ရွာဒေသခံ မစန်းယုမွန်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ခုခံစစ်တွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာတွေဟာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန်မှာ ဘာပစ္စည်းမှမယူနိုင်ဘဲ ဘေးလွတ်ရာကို ရုတ်တရက် ထွက်ပြေးရ ပါတယ်။ အဲဒီအထဲမှာ မွေးကင်းစ ကလေးငယ်တွေနဲ့အတူ ထွက်ပြေးကြရတဲ့ သားသည် မိခင်တွေဟာ အခြားသူတွေထက် ပိုပြီး အခက်အခဲမျိုးစုံ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြရတာပါ။

လေးရက်သားအရွယ် မွေးကင်းစကလေးငယ်ကို ပွေ့ချီပြီး မီးလောင်ပြင်ကို ဖြတ်ပြေးခဲ့ ရတယ်လို့ ခင်ဦးမြို့၊ တမုတ်ရွာမှာနေထိုင်တဲ့ မိခင်တစ်ဦးက RFA ကို ပြောပြပါတယ်။

“မီးတွေကြားကနေ စာသင်ကျောင်းရောက်အောင် သွားရတာ။ မီးတွေထဲကနေပြီးတော့ ရေတွေဆာတော့ စာသင်ကျောင်းကလည်း ရေမရှိတော့ တစ်ခါ မီးတွေထဲကနေ ဘုန်းကြီးကျောင်းရောက်အောင် ပြန်သွားကြ။ သေလည်း မတတ်နိုင်တော့ဘူး။ အစာငတ်၊ ရေငတ်နဲ့ဆိုပြီး ရေတွေကလည်း တအားဆာ ”

သူနေတဲ့ တမုတ်ရွာကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်နေ့မှာ ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် နီးပါး မီးရှို့တဲ့အတွက် အခြားဒေသခံတွေလိုပဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာပါ။ အိမ်ကိုမီးမရှို့ဖို့ တောင်းပန်ပေမယ့် မရခဲ့ဘဲ မီးရှို့ခံလိုက်ရပြီး သွေးနု၊ သားနုနဲ့ ထွက်ပြေးခဲ့ရတာလို့ တမုတ်ရွာခံ သားငယ်မိခင်က ဆက်ပြောပါတယ်။

"လေးရက်ပဲရသေးတာ ရေတွေတန်းသောက်လိုက်တာ သွေးခဲပြီး မသေတာကို ကံကောင်းတာပဲ”

“ဘာမှလည်း ယူချိန်မရဘူး။ ကလေး ပွေ့ရတာတောင် တုန်ခါနေတာပဲ။ ကိုယ့်သားသမီး ကလည်း အမေရယ်၊ ကလေးတစ်ယောက်ရယ်၊ တူမလေး တစ်ယောက်ရယ်ဆိုတော့ ငါးယောက်ကြီးလို ဖြစ်နေတာလေ။ ပြေးရလွှားရတာ မလွယ်တော့ စာသင်ကျောင်းက နေ မိုးချုပ်တော့ ရေတွေဆာတော့ကျ ဘုန်းကြီးကျောင်း ပြောင်းသွားကြတာ။ သေချင် လည်း သေပလေ့စေဆိုပြီးတော့။ ဘုန်းကြီးကျောင်းရောက်တော့ ရေနွေးလည်း မသောက်နိုင်ပါဘူး။ လေးရက်ပဲရသေးတာ ရေတွေတန်းသောက်လိုက်တာ သွေးခဲပြီး မသေတာကို ကံကောင်းတာပဲ”

အိမ်ခြေတစ်ရာနီးပါးရှိတဲ့ သူတို့ရွာမှာ အိမ်ပေါင်း ၉၃ လုံး မီးရှို့ခံရတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ် အသံတွေကြောင့် ထိတ်လန့်ခဲ့ရပြီး အဲဒီကာလတွေကို သွေးပျက်မတတ် ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတာကြောင့် အခုချိန်ထိလည်း ပြန်လည်ထူထောင်ရေး မလုပ် နိုင်ကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကလေးမွေးထားတာ နာရီပိုင်းပဲရှိသေးတဲ့ နောက်ထပ် မီးနေသည်တစ်ဦးကလည်း စစ်ကောင်စီတပ်သားတွေက သူတို့ကို အိမ်ပေါ်ကဆင်းခိုင်းပြီး နေအိမ်ကို မီးရှို့လိုက် တယ်လို့ RFA ကို ပြောပါတယ်။

“ရွာမြောက်ဘက်က အိမ်လေးပေါ်မှာ။ အစ်မတို့ မီးဖွားနေတာ အိမ်ပေါ်မှာပဲရှိသေးတယ်။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့။ အဲဒီမယ် သေနတ်တွေပစ်ပြီးတော့ မီးတွေရှို့နေတာ။ အစ်မ ဘယ်လိုလွတ်ခဲ့တုန်းဆိုတော့ ကျမတို့ ဆင်းခွင့်လေး ပြုပါဦး အစ်မတစ်ယောက်ကနေ ပြီးတော့ တောင်းပန်တာပါ။ အဲဒီကနေ သရက်ပင်ကြီးအောက် သွားသွားဆိုပြီးတော့ လွှတ်တာ။ လူကို ဖယ်ခိုင်းတာ မီးရှို့မှာတဲ့”

အိမ်ခြေတစ်ရာကျော်ရှိတဲ့ ကုလားလူးရွာလည်း နှစ်ကြိမ်တိုင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ခံရပြီး ရွာအစွန်က နေအိမ်အနည်းငယ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

တမုတ်ရွာကိုမီးရှို့ပြီး ပြန်ထွက်သွားတဲ့ စစ်ကြောင်းဟာ နောက်တစ်ရက်မှာ အဲဒီရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ကုလားလူးရွာကို ထပ်မံဝင်ရောက်စီးနင်းတာကြောင့် ရွာခံ ကိုယ်ဝန် ဆောင်တစ်ဦးလည်း နေ့စေ့လစေ့နဲ့ ထွက်ပြေးခဲ့ရပြီး အဲဒီနေ့ည ထွက်ပြေးနေရင်း တောထဲ မှာပဲ ကလေးမီးဖွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်မှာလည်း ခင်ဦးမြို့နယ် အရှေ့ ခြမ်းကရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ မိုးမလင်းခင်မှာပဲ ဘေးလွတ် ရာကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီအထဲမှာ ကုတ္တက်ရွာခံ အသက် ၃၆ နှစ်အရွယ် မစန်းယုမွန်လည်း မီးဖွားပြီးစ နာရီပိုင်းပဲရှိသေးတဲ့ မွေးကင်းစကလေးကို ပွေ့ချီပြီး ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။

“ည ၁၀ နာရီမှာ မွေးပြီးတော့ ည ၃ နာရီလောက်မှာ ပြေးခဲ့ရတာပေါ့။ လမ်းခရီးကကြမ်း တော့ ဒုက္ခတော့ ရောက်တာပေါ့။ ကလေးလေးနဲ့ဆိုတော့ ကလေးလေးလည်း ဘာမှ မဖြစ်အောင် ထိန်းသိမ်းရတာဆိုတော့၊ ကလေးက ရက်သား တစ်ရက်တောင် မရသေး တော့ သူ့ပိုပြီးဂရုစိုက်ခဲ့ရတာပေါ့။ အိမ်တွေမီးတွေနဲ့ရှို့ တွေ့တဲ့သူတွေသတ်ဆိုတော့ သူတို့နဲ့လည်း အတွေ့မခံရဲဘူး။ သူတို့မမိအောင်လည်း တအားပြေးနေရတာ ဆိုတော့”

တစ်ရက်သား မပြည့်သေးခင်မှာပဲ အခက်အခဲတွေကြား ထွက်ပြေးခဲ့ရတဲ့ သူ့ကလေး အတွက် မွေးနေ့ ဒါမှမဟုတ် ရက်တစ်ရာပြည့်လို အထိမ်းအမှတ်မျိုး အလှူအတန်း လုပ်ပေးချင်တယ်လို့လည်း ဆိုပါတယ်။

MSan yu mon Mother.jpg
မီးဖွားပြီးစ နာရီပိုင်းပဲရှိသေးသည့် မွေးကင်းစကလေးကို ပွေ့ချီပြီး ထွက်ပြေးခဲ့ရသည့် ကုတ္တက်ရွာဒေသခံ မစန်းယုမွန်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွာတွေကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေရဲ့ နေအိမ်တွေမီးရှို့တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ် မေးမြန်းချိန်မှာ စစ်ကောင်စီတပ်သားတွေ ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ခင်ဦးမြို့နယ်လိုပဲ မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်ထဲက ရွာတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ ကနေ ၂၅ ရက်နေ့ထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးကြရင်း တောထဲမှာပဲ ကိုယ်ဝန်ဆောင် သုံးဦး မီးဖွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်း လပေါင်း ၂၀ ကျော်အတွင်း ရွာပေါင်း ၄၅ ရွာက နေအိမ် ပေါင်း ၁၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ထောင်စု နှစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၀၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီအထဲမှာ ခြောက်ရွာက ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီး အခုချိန်အထိ ပြန်လည် ထူထောင်ရေး မလုပ်နိုင်တာကြောင့် လယ်တော၊ ယာတောတွေမှာပဲ အဆင်ပြေသလို ရုန်းကန်နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။