မင်းဖူးကျေးရွာပစ်ခတ်မှု နောက်ဆက်တွဲ


2019.02.22

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မနက်ပိုင်းက ပစ်ခတ်မှုတွေအတွင်း ရွာခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

မင်းဖူးကျေးရွာမှာ အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင်က သွားရောက်မေးမြန်းပြီး တင်ပြထားပါတယ်။

~~~~~~~~~

မင်းဖူးကျေးရွာပစ်ခတ်မှု နောက်ဆက်တွဲ

(မင်းသိန်းအောင်)

■ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းက တပ်မ ၂၂ နဲ့ ၃၃ တို့က အင်အား ၅၀ နီးပါးရှိတဲ့ အစိုးရတပ်မတော် စစ်ကြောင်းဟာ နော်ဝေကျေးရွာကနေ မင်းဖူးကျေးရွာကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့အတူ အိမ်ထောင်စုလူဦးရေ စစ်ဆေးဖို့ လာရောက်စဉ်မှာ မင်းဖူးရွာထိပ်ကားလမ်းမရဲ့ တံတားအနီးမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကျေးရွာအတွင်းက စစ်ကြောင်းကနေရာယူပြီးချိန် တပ်အရာရှိတစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဟာ အုပ်ချုပ်ရေးမှူးနေအိမ်မှာ စကားပြောဆိုနေချိန် ၁၀ မိနစ်လောက်အကြာမှာ ပေါက်ကွဲသံတွေကို စတင်ကြားရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီနောက် အိမ်မှာရှိတဲ့လူတွေကို မြေကြီးပေါ် ချက်ချင်းဝပ်ခိုင်းပြီး ကျေးရွာထဲအသင့်နေရာယူထားတဲ့ တပ်မတော်က နေရာအနှံ့ပစ်ခတ်ပစ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း အသက် ၁၈ နှစ်အရွယ် မရီရီစိုးဟာ နေအိမ်ပေါ်မှာပဲ ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

"ကျွန်မအမေဟာ ဟိုဘက်အိမ်ကနေ ထွက်လာပါတယ်။ ညီမလေးကတော့ ကျွန်မသားလေးကိုချီပြီး ထွက်လာတာပါ။ ကျွန်မက ကလေးကိုသူ့ဆီကယူလိုက်ပြီး အမေနဲ့ကျွန်မက အိမ်ရှေ့မှာ ရပ်နေပါတယ်။ ညီမလေးက အိမ်ပေါ်ကိုတက်သွားပါတယ်။ အဲဒီအချိန်မှာ စစ်သားတွေက အားလုံးနေရာယူထားကြပြီ။ မန်ကျည်းပင်နားမှာ သုံးယောက်၊ လမ်းမှာ နှစ်ယောက်သုံးယောက်၊ အိမ်နောက်ဘက်ကလည်း မန်ကျည်းပင်ကို အကာအကွယ်ယူပြီး နှစ်ယောက်သုံးယောက်ရှိပါတယ်။ သူတို့နေရာယူပြီးတာနဲ့ ဗုံးကွဲသံကြားရပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ဘေးကအဒေါ်အိမ်ကို တက်ပြေးပါတယ်။ ညီမလေးကို ကိုယ့်အိမ်မှာ တစ်ယောက်တည်းဖြစ်သွားပါတယ်"လို့ အဲဒီနေ့ကဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူ မရီရီစိုးရဲ့ အစ်မဖြစ်သူ ဒေါ်ဦးလှနုက ပြောဆိုသွားတာပါ။

ပစ်ခတ်နေချိန်အတွင်းမှာ မြင်တွေ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ သေဆုံးသူ မရီရီစိုးရဲ့မိခင် ဒေါ်ဝေနုဖြူကလည်း အခုလို ပြောပါတယ်။

"အကုန်လုံး ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ ပစ်ခတ်ကြပါတယ်။ အိမ်နောက်၊ အိမ်ဘေးနဲ့အိမ်ရှေ့တွေက ပစ်ပါတယ်။ ကျွန်မတို့ကတော့ ဟိုဘက်အိမ်မှာ ဝပ်နေရပါတယ်။ အဲဒီအချိန်မှာ သမီးလေးကို ခဏခဏချောင်းကြည့်ပါတယ်။ ဘယ်ဖက်ကပစ်လို့ ထိသွားတာလဲဆိုတာတော့ မသိပါဘူး၊ အိမ်အောက်ကို သွေးတွေစီးကျလာတာကို မြင်ရပါတယ်။ သူတို့က အိမ်မှာရှိတဲ့လူတွေ အကုန်လုံး အောက်ကိုဆင်းခိုင်းချိန်မှာ သမီးလေးကိုလာကြည့်တော့ သေနေပါပြီ" လို့ သေဆုံးသူ မရီရီစိုးရဲ့ မိခင် ဒေါ်ဝေနုဖြူက ပြောဆိုသွားတာဖြစ်ပါတယ်။

တပ်မတော်က ရွာထဲမှာရှိတဲ့လူတွေအားလုံးကို ရွာအပြင်ဘက် ကားလမ်းမကို သွားခိုင်းတဲ့အတွက် အိမ်ပေါ်မှာလဲကျနေတဲ့ သမီးဖြစ်သူကို သေသေချာချာကြည့်ခွင့် မရခဲ့ဘူးလို့လည်း ပြောပါတယ်။

မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှစောထွန်းက မရီရီစိုးဟာ ဘယ်လိုပုံစံနဲ့ ကျည်ထိမှန်ခဲ့တယ်ဆိုတာ မပြောနိုင်ပေမယ့် ရွာထဲမှာ ကင်းပုန်းဝပ်နေတဲ့ တပ်မတော်က နေရာအနှံ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

"ပစ်တာကတော့ဘယ်ကိုလဲဆိုတော့ တောင်ကိုလည်းပစ်တယ်၊ မြောက်ကိုလည်းပစ်တယ်။ စစ်တပ်ကတစ်ရွာလုံးမှာ ဝပ်နေတာကိုး။ ဟိုဘက်မှာလည်း သူတို့ပစ်လို့ ပေါက်ပြဲသွားတာတွေရှိတယ်"

အဲဒီနေ့က တပ်မတော်စစ်ကြောင်းနဲ့အတူပါလာပြီး မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူရှိနေခဲ့တဲ့ နော်ဝေကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ညွန့်ချေကလည်း သူမြင်တွေ့ခဲ့ရတာနဲ့ပတ်သက်လို့ ပြောပါတယ်။

"ပေါက်ကွဲသံကြားတာနဲ့ ရွာကိုသူတို့တဟုန်ထိုးဝင်ပြီးတော့ အကြမ်းဖက်သလို ရွာတစ်ခုလုံးကို ဖြိုပြီးပစ်လိုက်တာ။ အဲဒီလိုပစ်ပြီးတော့ ကျွန်တော်တို့ကိုခေါ်တယ်။ ကျွန်တော်နဲ့ မင်းဖူးအုပ်ချုပ်ရေးမှူးနဲ့ ဒီရွာရဲ့အနောက်ဘက် အစွန်မှာ အိမ်ခြေ ၂၀ ကျော်လောက်ရှိတယ်။ အဲဒီအိမ်တွေကို သူတို့က တက်ပြီးတော့ ရှာဖွေပုံစံမျိုးလုပ်မယ်ဆိုပြီးတော့ ကျွန်တော့ကို ခေါ်ပါတယ်။ ကျွန်တော့်ကိုလည်း သူတို့က အိမ်ပေါ်တက်ခိုင်းတယ်"

ပစ်ခတ်မှု တွေဖြစ်ပြီးနောက် တပ်မတော်က နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့သလို ကျေးရွာသားတွေကိုလည်း ရွာအပြင်ဘက် စာသင်ကျောင်းအနီးကို ခေါ်ထုတ်ပြီး စစ်ကြောရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒါ့ပြင်လူ ၁၁ ဦးကို ကြိုးနဲ့ချည်နှောင်ပြီး AA အဖွဲ့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ကြိုးနဲ့တုပ်နှောင်ခံရသူတွေကို တပ်မတော်သားတွေက ရိုက်နှက်တာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

"ပထမ ကျွန်တော်တို့ကိုခေါ်တဲ့အခါ သေနတ်ဒင်နဲ့ထုတယ်။ ဒါပေမဲ့ အထိနည်းတော့ သိပ်မနာဘူးပေါ့။ ခြေထောက်တွေနဲ့လည်း ကန်ပါတယ်။ ပြီးရင် လက်သီးတွေနဲ့ထုတယ်။ ကျွန်တော့ရဲ့မေးစေ့မှာတောင် သူတို့ကန်သွားတာ နည်းနည်းလောက်နာသွားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုဆိုရင်လည်း ဒီလိုပဲ ချည်ထားတဲ့ကြိုးကိုဖြေပြီးတော့ ရိုက်တယ်"

ဖမ်းဆီးချုပ်နှောင်ခံရသူတွေဟာ ညနေပိုင်းမှာ ပြန်လွတ်လာပေမယ့် ဦးသန်းဖေ၊ ဦးဝေစိုးထွန်းတို့ နှစ်ဦးကတော့ ဒီနေ့အထိ ပြန်လွတ်မလာသေးဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ မရီရီစိုးအတွက် ကျေးရွာထဲရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက ငွေ တစ်သိန်းသုံးသောင်းကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် မိသားစုတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

"အဲဒီငွေတွေကို အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေကိုခေါ်ပြီး လက်မှတ်ထိုးကြပါတယ်။ပြီးတော့ စစ်ဗိုလ်က ကျွန်မ အစ်မကို ငွေတစ်သိန်းပေးပါတယ်။ ကျွန်မ အစ်မကလည်း အဲဒီငွေတွေကို မယူပါဘူး၊ သမီးလေးတောင် ဆုံးသွားပြီလို့ ပြန်ပေးတော့ အဲဒီငွေတွေကို ဘုန်းကြီးကျောင်းမှာပဲ လှူလိုက်လို့ ပြောပါတယ်။ နောက်ဆုံး ကျွန်မတို့ ကြောက်ပြီးယူလိုက်ရပါတယ်။ ခဏလောက်နေတော့ စစ်သားတစ်ယောက်က ငွေသုံးသောင်းကို လာပေးပြန်ပါတယ်။ ကျွန်မလည်း မယူချင်ဘူးလို့ ပြန်ပြောလိုက်ပါတယ်" လို့ သေဆုံးသူ မရီရီစိုးရဲ့ အဒေါ်ဖြစ်သူ ဒေါ်သိန်းယဉ်က ပြောဆိုသွားတာပါ။

မရီရီစိုးရဲ့ ဖခင် ဦးမောင်ထွန်းလှကလည်း အခုလို ပြောပါတယ်။

"ကျွန်တော့သမီးကို တပ်မတော်က ပစ်သတ်သွားတာဖြစ်တဲ့အတွက် ကျွန်တော်က တပ်မတော်ကို မကျေနပ်ဘူး။ အမှန်တရားတစ်ခုဖြစ်လာဖို့ကို လိုချင်ပါတယ်"

မင်းဖူးကျေးရွာအနီးမှာ အဲဒီနေ့က မပေါက်ကွဲဘဲကျန်ရှိနေခဲ့တဲ့ လက်နက်ကြီးတချို့ကို တွေ့ရသလို ကျည်ခွံတွေကိုလည်း တွေ့ရပါတယ်။

အဲဒီနေ့မနက်က ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ၂၀ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။

ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘဲ တပ်မတော်က ရွာထဲကိုရောက်ရှိနေချိန် မိုင်းပေါက်ကွဲတာကို အကြောင်းပြုပြီး တပ်မတော်က ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ပြောကြပါတယ်။

တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မင်းဖူးကျေးရွာကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဒီနေ့ညနေ ၄ နာရီကျော်အချိန်မှာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း
မရှိကြပါဘူးခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။