မြောင်မြို့နယ်က နေအိမ်မီးရှို့ခံရသူတွေရဲ့ ခံစားချက်

ခင်မိုးညို
2022.06.18
မြောင်မြို့နယ်က နေအိမ်မီးရှို့ခံရသူတွေရဲ့ ခံစားချက် ရွာမီးရှို့ခံရပြီးမြင်ကွင်း
citizen journalist

"ရတဲ့ဟာလေး ဝါဆိုဝါခေါင်စားဖို့ စုဘူးလေးထဲ စုထားတာ။ စုဘူးကလဲ မခွဲလိုက်ရဘူး၊ သူတို့ထဲ ပါသွားတာ။ အခုလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီပေါ့။ ငိုလိုက်ရတာလဲ အတင်းဘဲ။ မျက်စိတွေလဲ ကိုက်လို့။ ဖြစ်တဲ့နေ့ကတည်းက ထမင်းလည်းတစေ့မှ မစားရသေးဘူး၊ ကျန်တာလဲ ဘာမှမသိတော့ဘူး။ ဒေါ်ကြီးကိုယ်ဒေါ်ကြီး ဆေးပဲ သောက်သေချင်တာဘဲ"

စစ်ကိုင်းတိုင်း မြောင်မြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ ဒေါ်ကြီးခင်က ပြောပြနေတာပါ။

အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် ခုခံနေတဲ့ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို  စစ်ကောင်စီတပ်တွေက မကြာခဏ မီးရှို့ဖျက်ဆီးနေပါတယ်။ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ  ကျေးရွာပေါင်း ၂၁ ရွာ၊ အိမ် ခြေပေါင်း ၆ဝဝ ကျော် ကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ငါးဘီလျံကျော်အထိ ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာလူထုပိုင် ပစ္စည်းတွေကို စိတ်ထင်သလို ဖျက်ဆီးပြီး၊ လိုချင်သမျှကို ရှာဖွေလုယူကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

မြောင်မြို့နယ်က မတင်တင်ကတော့ ပထမအကြိမ် သူတို့ကျေးရွာကို  စစ်ကောင်စီတပ်တွေ ဝင်ရောက် ဖျက်ဆီးပြီး အိမ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းအားလုံးကို မွှေနှောက်ရှာဖွေယူဆောင်သွားတာ ခံခဲ့ရပါတယ်။ ဒုတိယအကြိမ် ရွာကို မီးရှို့ဖျက်ဆီးရာမှာတော့ မိသားစုပိုင်နေအိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။

"ပထမတစ်ကြိမ် ဝင်တယ်လေ။ ကားနှစ်စင်းကို ဖျက်ဆီးသွားတယ်။ ပြီးတော့ အိမ်ထဲမှာရှိတဲ့ အိမ်တွင်း လျှပ်စစ်ပစ္စည်း မှန်သမျှလဲ ဖျက်ဆီးသွားတယ်။ ဇိမ်ခံပစ္စည်းမှန်သမျှလည်း အကုန်ယူသွားတယ်။ အိမ်မှာရှိတဲ့ အဝတ်အစားကောင်း မှန်သမျှလဲ အကုန်ယူသွားပါတယ်။ အခု ဒုတိယအကြိမ်မှာတော့ ကျမအိမ်ကို မီးရှို့ ခံလိုက်ရတယ်။"

PDF တပ်ဖွဲ့ဝင် မမဟူရာက စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သူယူဆထားတာကို အခုလို ပြောပြပါတယ်။

"ပြည်သူတွေရဲ့နေအိမ်ကို သူတို့က ဘာကြောင့် မီးရှို့ဖျက်ဆီးသလဲဆိုရင် ကျနော်တို့ပြည်သူလူထုကို PDF တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ပေါ့နော်။ ပြည်သူတွေ PDF တွေကို ထောက်ပံ့ပေးခြင်း မရှိနိုင်အောင်ဆိုပြီးတော့ ပြာကျတဲ့အထိ သူတို့ မီးရှို့ကြတယ်ပေါ့။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာကို ကြုံတွေ့ခဲ့ရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီလိုလုပ်ရပ်တွေ လုပ်လိုက်လို့ရှိရင် PDF ကို ထောက်ပံ့ပေးမှု ပြည်သူလူထုက ရပ်တန့်သွားမယ်။ ဒါက သူတို့ရဲ့ ထင်မြင်ယူဆချက်။ ဒါပေမဲ့ သူတို့ရဲ့ ထင်မြင် ယူဆချက်က အမှားကြီးမှားနေတယ်။ ကျမတို့ ပြည်သူလူထုအနေနဲ့က ကိုယ့်ရဲ့ အိုးအိမ်စည်းစိမ်တွေ ပြာကျသွားလို့ ရှိရင် စိတ်ဓာတ်တွေ ကျသွားမယ်ပေါ့။ လက်တွဲမကူဘူးလို့ သူတို့ထင်ထားတာ"

အခုလို ရွာသားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက အဆက်မပြတ် မီးရှို့နေပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီလို ဖြစ်ရပ်တွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ မတင်တင်နဲ့ မမဟူရာ တို့ကတော့ အိမ်မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး သူ့တို့ခံစားချက်နဲ့ ရပ်တည်ချက်ကို အခုလိုပြောပါတယ်။

"အခု ဒုတိယအကြိမ်မှာ အိမ်ကို မီးရှို့တယ်။ ရောက်ရောက်ချင်းကတော့ ကျမ အတော်လေး ခံစားရပါတယ်။ ကျမတို့က ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ ပစ္စည်းတွေဆိုတော့လေ။ အားလုံးဆုံးရှုံးသွားတာဆိုတော့ အတော်လေး ခံစားလိုက်ရတယ်။ ကျမက ကျောင်းဆရာမတစ်ယောက်ပါ။ အာဏာသိမ်းပြီးစကထဲက CDM ဝင်ထားပါတယ်။ ဒီလမ်းကိုကြိုက်လို့ လျှောက်ခဲ့တာပါ။ ဒါကြောင့် ဆက်လျှောက်မယ် ဒီလမ်းကို။ ကျေကျေနပ်နပ်ဘဲ လက်ခံလိုက်တယ်။ ကိုယ့်စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ အချိန်ပြည့်ခေါင်းထဲမှာ ရှိတယ်။ သူတို့ကို တော်လှန်ဖို့လည်း အချိန်ပြည့်ခေါင်းထဲမှာ ရှိတယ်"

"ဒီလိုမျိုး ကိုယ့်ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးရတဲ့အခါမှာ သူတို့ကို အမုန်းတရားတွေ ပိုပြီး ကြီးထွားလာပါတယ်။ ကျမတို့ မုန်းတာထက် ပို မုန်းလာတယ်နော်။ ဒီအာဏာရှင်စနစ်ကို မုန်းနေရတဲ့အထဲ သူတို့က မင်းမဲ့စရိုက်ဆန်ဆန်နဲ့ ကျမတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပြာကျတဲ့အထိ ဖျက်ဆီးတဲ့အခါ ကျမတို့ရင်ထဲက အမုန်းတရားတွေဟာ ပိုပိုပြီး ကြီးထွားလာတာဘဲ ရှိတယ်။ သူတို့အပေါ်ကို ကြောက်ရွံ့သွားစိတ် လုံးဝ မရှိခဲ့ဘူးပေါ့နော်။"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မမဟူရာကလည်း သူတို့ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

"ကျမတို့က စစ်အစိုးရကို တော်လှန်ဖို့ လူအင်အားရှိသော်လည်း လက်နက်အင်အားမရှိတဲ့အခါမှာ မီးလောင်ပြာကျတာကို မြင်နေရက်နဲ့ ထိုင်ကြည့်နေရတဲ့ အနေအထားမျိုး ဖြစ်နေရတယ်။ မီးလောင်ပြာကျတာကို ရင်ထုမနာ ဖြစ်နေရုံမှတစ်ပါး ပြန်ခုခံနိုင်စွမ်း မရှိတာကိုလည်း ကြုံနေရတယ်။ ဒါကြောင့် NUG အစိုးရအနေနဲ့ သံတမန်ရေးရာအရကိုဘဲ ဦးစားပေးဆောင်ရွက်မနေဘဲ ပြည်တွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း လက်နက်တပ်ဆင်ပေးဖို့ ဦးစားပေး ဆောင်ရွက်စေချင်ပါတယ်။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။