ထမင်းနပ်မမှန်သူတွေအတွက် သဘာဝတရားရိပ်သာရှေ့က နေ့လယ်စာ

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က သရက်တောကျောင်းတိုက် သဘာဝ တရားရိပ်သာရှေ့မှာ နေ့စဉ် နေ့လယ်စာ ထမင်းနဲ့ဟင်း ဝေငှလှူဒါန်းနေတာ တစ်နှစ်ကျော် နေပါပြီ။ အခုလို အကျပ်အတည်းကာလမှာ နေ့စဥ် ထမင်းနပ်မှန်အောင် မစားနိုင်သူတွေ အတွက်ကတော့ ဒီလှူဒါန်းမှုက နတ်သုဒ္ဓါလို တန်ဖိုးကြီးလှပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ သဘာဝတရားရိပ်သာ တာဝန်ခံဆရာတော် ဆွမ်းခံလို့ရတဲ့ အထဲက ထမင်းဟင်းအနည်းငယ်ကို ဖယ်ပြီး လိုအပ်သူ ငါးယောက်လောက်ကို စတင် ပေးဝေခဲ့ရာကနေ အခုလို လူ ငါးရာ လောက်ကို နေ့စဥ် ကူညီပေးနိုင်တာမျိုး ဖြစ်လာတာလို့ ဆရာတော်က မိန့်ပါတယ်။
ဒီနေရာမှာ နေ့လယ်စာ လာရောက်တန်းစီနေသူတွေဟာ ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက် တွေက စားဝတ်နေရေး ကျပ်တည်းလွန်းသူတွေ ဖြစ်ပါတယ်။
လိုအပ်နေသူတွေကို အခုလို ကူညီနိုင်ဖို့အတွက် နေ့စဥ် ဆန်တစ်အိတ်လောက်ကုန်တယ်လို့ ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။
“လူ ၄၀၀ စာ၊ ၅၀၀ စာကို ပုံမှန်ချက်နေရပါတယ်။ ဆန်က တစ်နေ့ကို တစ်အိတ် ကုန်ပါတယ်။ နောက်ပြီး သီးစုံပဲကုလားဟင်းအိုးကြီးက တစ်အိုးပေါ့။ အဲဒါက နေ့တိုင်းက သဘာဝတရားရိပ်သာက လှူတဲ့အလှူပေါ့။ အလှူရှင်တွေကတော့ အခု ကြိုးကြား ကြိုးကြားလေးတွေ ရောက်လာပါတယ်။ ခုနစ်ရက်သားသမီးက ဦးပဥ္ဇင်းတို့ကို လှူဒါန်းလိုက်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆန် စသည်ကို ဝေယျာဝစ္စအဖွဲ့တွေ ပြန်ချက်ပြုတ်ပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်”
အရင်က ပြင်ပအလှူရှင် မရှိခဲ့ရာကနေ အခုတော့ အလှူရှင်တချို့ ရောက်လာပြီး အသားဟင်းနဲ့ နေ့လယ်စာ တစ်နပ်စာကို ကျပ် သုံးသိန်း၊ ပဲကုလားဟင်းနဲ့ဆို ကျပ် နှစ်သိန်း သတ်မှတ်ပြီး ကျောင်းကပဲ တာဝန်ယူ ချက်ပြုတ်ပေးနေတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ဒီအလှူမှာ နေ့စဥ် ထမင်းနပ်မှန်အောင် မစားနိုင်တဲ့ မည်သူမဆို လူမျိုးမရွေး ဘာသာမရွေး လာယူနိုင်တယ်လို့ ဆိုပါတယ်။
"လူမျိုးပေါင်းစုံ လာကြတယ်။ စားဝတ်နေရေးက တအားကျပ်တည်းနေကြတယ်။"
ဒီကျောင်းတိုက်ရှေ့မှာ နေ့စဥ် လာရောက်တန်းစီနေသူတွေဟာ ရန်ကုန်မြို့ နေရာအနှံ့က စားဝတ်နေရေး ကျပ်တည်းတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ တချို့နေ့တွေဆို ခက်ခဲကျပ်တည်းတဲ့ အစိုးရဝန်ထမ်းနဲ့ အခြား လူလတ်တန်းစားတွေပါ အစားအသောက် လာယူတာ တွေ့ရပါတယ်။
ကုမ္ပဏီကနေ အငြိမ်းစားယူပြီး အလုပ်ထွက်တဲ့အခါ ရှေ့ရေးအတွက် ဘာမှ စုဆောင်း ထားတာ မရှိတာကြောင့် နေ့စဥ် ဝမ်းရေးအတွက် ဒီအလှူကိုပဲ အားကိုးနေရတယ်လို့ နေ့လယ်စာ လာရောက်အလှူခံသူ ဦးလေးလေးက ပြောပါတယ်။
“ပေးကာနီးကျရင် ဆုတောင်းခိုင်းတယ်။ ဘုန်းကြီးကိုယ်တိုင် တိုင်ပေးတယ်။ လိုက်ရွတ် ရတယ်။ ပဲဟင်းနဲ့ ထမင်းနဲ့။ အလှူရှင်ရှိရင် ကြက်သားနဲ့ ငါးနဲ့ ငါးဖယ်တို့၊ ဘဲဥတို့ မထပ်အောင် ကျွေးပါတယ်။ ကျနော်တို့လည်း ပင်စင်သွားတယ်။ ကုမ္ပဏီမှာလုပ်တယ်။ ထွက်လာတော့ နောက်ဘာမှမရှိတော့ ဒီမှာပဲ သူငယ်ချင်းတွေက ပြလာတော့ ပျော်စရာ လည်းကောင်းတယ်။ ဝမ်းသာစရာလည်း ကောင်းတယ်။ နောက် ဘုန်းကြီးလည်း ကုသိုလ်ရအောင်၊ အလှူရှင်လည်း ကုသိုလ်ရအောင် လာရခြင်း ဖြစ်ပါတယ်”
စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာ လက်ရှိအချိန်မှာ အခြေခံစားသောက်ကုန်က စလို့ ဒေါ်လာဈေးနဲ့ ရွှေဈေးအထိ တရိပ်ရိပ်မြင့်တက်လာတာကြောင့် ကျပ်တည်း ခက်ခဲလွန်းတဲ့ ပြည်သူတွေအတွက်ကတော့ ထမင်းတစ်နပ်ဟာ အလွန်အရေးကြီးပါတယ်။
စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ဒီကိုရောက်လာတာဖြစ်ပြီး နောက်သုံးရက်စာအထိ လှူမယ့်သူရှိနေလို့ ဝမ်းသာရတယ်လို့ နေ့လယ်စာလာယူတဲ့ ဦးဆံဖြူက ပြောပါတယ်။
“လူမျိုးပေါင်းစုံ လာကြတယ်။ စားဝတ်နေရေးက တအားကျပ်တည်းနေကြတယ်။ ဘုန်းကြီးက သူ တတ်နိုင်ရင် သူ လှူတယ်။ အလှူရှင်ရှိရင် အသားတစ်မျိုးပါတယ်။ အလှူရှင်မရှိရင် ပဲဟင်းနဲ့ ထမင်းပဲ ပေးတယ်။ အခုဆို ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ သန်ဘက်ခါရယ် သုံးရက် အလှူရှင် ရှိတယ်။ အဲဒါကို ပေးတာ”

နေ့လယ် ထမင်းတစ်နပ်စာ လာရောက်လှူဒါန်းသူ ကိုမင်းမင်းမောင် ကတော့ သူ့အလှူအတွက် ဝမ်းသာပီတိဖြစ်ရပေမယ့် လူတန်းစားပေါင်းစုံ အလုအယက် လာယူနေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ RFA ကို ပြောပါတယ်။
“လှူဖြစ်တဲ့အချိန်မှာတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့မှာ လာပြီးတော့ လူတန်းစား အလွှာပေါင်းစုံ၊ အလုပ်အကိုင်လုပ်တဲ့ လူတန်းစားပေါင်းစုံ တန်းစီနေတာ တွေ့ရတော့ နည်းနည်း စိတ်မကောင်းဖြစ်တာပေါ့။ ဒီမြို့ထဲမှာတောင် ဒီလောက်တန်းစီတဲ့ လူတန်းစားများရင် ကျန်တဲ့နေရာမှာ ဒီထက်ပိုများနိုင်မလားလို့ တွေးမိတာပေါ့နော်။ ဒါပေမဲ့ ပီတိတော့ဖြစ်မိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းလေး နည်းနည်းရှားပါးလာတာပေါ့။ နောက်ပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်တဲ့ အခါကျတော့ လူတွေက ထမင်းတစ်နပ်စာ အတွက် လာပြီးလှုပ်ရှားနေကြရတာပေါ့”
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့လူဦးရေ ၂၅ သန်းနီးပါး ဆင်းရဲငတ်မွတ်မှုဘေး ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ၂၀၂၂ ပထမ ခြောက်လအတွင်းမှာတင် အလုပ်လက်မဲ့ပြဿနာကို ပြင်းပြင်းထန်ထန် ခံစား နေရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။