ရိုးရာဖိနပ်ထုတ်လုပ်မှု ထက်ဝက်ခန့် ကျဆင်းလာ

2025.02.24
ရိုးရာဖိနပ်ထုတ်လုပ်မှု ထက်ဝက်ခန့် ကျဆင်းလာ ဖိနပ်ပြုလုပ်ရာတွင်အသုံးပြုသည့် ဖိုက်ဘာသားကို စက်အသုံးပြုပြီး ပုံစံခွက်ဖြင့် ပုံဖော်ဖြတ်ယူနေသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
Photo: RFA

ရိုးရာဖိနပ်လုပ်ငန်းတွေဟာ ကုန်ကြမ်းပစ္စည်းတွေ စျေးတက်လာလို့ ထုတ်လုပ်စရိတ်များလာရတဲ့အပြင် နိုင်ငံရေးအခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးခက်ပြီး ဖြန့်ချိရေးမှာ ခက်ခဲလာပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုထက်ဝက်လောက် လျော့နည်းသွားပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေအဖို့ ရပ်တည်ရ ခက်ခဲလာတယ်လို့ မန္တလေးမြို့က ဖိနပ်လုပ်ငန်းသမားတွေက ပြောပါတယ်။

လူတွေအတွက် နေ့တိုင်းအရေးပါတဲ့ ပစ္စည်းတွေထဲမှာ ဖိနပ်လည်း ပါဝင်ပါတယ်။ အနောက်တိုင်းဝတ်စုံထက် ရိုးရာဝတ်စုံကိုပဲ ဝတ်စားဆင်ယင်တာများတဲ့ မြန်မာနိုင်ငံသားတွေက ရိုးရာ သားရေဖိနပ်၊ ကတ္တီပါ ဖိနပ်တွေနဲ့ပဲ တွဲဖက်ပြီးသုံးကြတာပါ။ ဒါကြောင့် လူဦးရေသန်း ငါးဆယ်ကျော်ရှိတဲ့ နိုင်ငံမှာ ရိုးရာဖိနပ် စျေးကွက်ကလည်း ကြီးပါတယ်။

အဲဒီဖိနပ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့မှာ အများဆုံး ထုတ်လုပ်ကြပါတယ်။ အခုတော့ အစစအရာရာ တက်နေတဲ့ ကုန်စျေးနှုန်းနဲ့အတူ ဖိနပ်အတွက်လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းစျေးတွေလည်း တက်နေပါတယ်။

ဒါကြောင့် ထုတ်လုပ်မှုပမာဏ တစ်ဝက်လောက်လျော့သွားပြီး ဖိနပ်ရုံအသေးတချို့ ပိတ်ရတဲ့အခြေအနေအထိ ဖြစ်နေပြီလို့ မန္တလေးမြို့က ဖိနပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးမြို့က ဝမ်းသီဟဖိနပ်လုပ်ငန်းဟာ စစ်တပ်အာဏာမသိမ်းခင်နှစ်ပိုင်းတွေက တစ်ရက်ကို ဖိနပ် အရံရေ ငါးရာကျော် ထုတ်လုပ်ခဲ့ရပေမဲ့ အခုတော့ တစ်ဝက်လောက်ပဲထုတ်ရတော့တယ်လို့ လုပ်ငန်းရှင် ကိုရဲကပြောပါတယ်။

"တစ်ရက်ကို အရံ အနိမ့်ဆုံး ငါးရာထုတ်ပေးရတယ်။ ငါးရာလောက်မှ ကျွန်တော်တို့လုပ်ငန်း လည်ပတ်လို့ရတာပေါ့နော်၊ တစ်ရက်ကို။ ကုန်သည်နဲ့ ပို့ရတဲ့ အော်ဒါနဲ့ တံဆိပ်ပေးတွေနဲ့ကိုပေါ့နော်။ အခုကတော့ ပုံမှန် ၂၅၀၊ ၃၀၀ လောက်ပဲ။ အဲဒီလောက်ပဲ အော်ဒါစာရင်းက သွားနိုင်တာပေါ့နော်"

အရင်ကလောက် မလုပ်ရတော့တဲ့အတွက် သူတို့အလုပ်ရုံမှာ အလုပ်သမားလျှော့လိုက်ရတယ်လို့ ကိုရဲက ပြောပါတယ်။

သားရေဖိနပ်ပြုလုပ်ရန်အတွက် နွားသားရေတွင် ဖိနပ်ပုံကြမ်းရေးဆွဲနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ (Photo: RFA)
သားရေဖိနပ်ပြုလုပ်ရန်အတွက် နွားသားရေတွင် ဖိနပ်ပုံကြမ်းရေးဆွဲနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ (Photo: RFA)

နွားသားရေ၊ ကတ္တီပါ၊ ရာဘာ၊ ဖိုက်ဘာ၊ သံ စတဲ့ ဖိနပ်အတွက်ကုန်ကြမ်းတွေက တစ်နှစ်ထက်တစ်နှစ် စျေးတက်လာတာကြောင့် ဖိနပ်စျေးလည်း လိုက်ပြီးတက်နေရတယ်လို့ ဆိုပါတယ်။ စျေးကွက်မှာ သားရေနဲ့ ကတ္တီပါဖိနပ်တစ်ရံဟာ အနိမ့်ဆုံး ငွေကျပ် ခြောက်ထောင်ကနေ သုံးသောင်းကျော်အထိ ရှိနေပါတယ်။

ကုန်ကြမ်းစျေးတက်လို့ ကုန်ချောစျေးမြင့်လာတဲ့အပြင် ပြည်တွင်းစစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးကလည်း အရင်လိုမလွယ်တော့ပါဘူး။ ဒါကြောင့် စျေးကွက်ကို အချိန်မီရောက်အောင်ပို့ဖို့ ကြန့်ကြာစေတယ်လို့ ကိုရဲက ပြောပါတယ်။

"ကျွန်တော်ကျတော့ နေရာစုံ ပို့ရတယ်လေ။ နေရာစုံ ပို့ရတဲ့အခါကျတော့ မမှာနိုင်တော့တဲ့နေရာတွေလည်း ရှိတယ်။ လမ်းခရီးအခက်အခဲကြောင့် မပို့ရတဲ့နေရာတွေလည်း အများကြီးရှိတယ်ပေါ့။ အဲဒီလိုအခက်အခဲကြောင့် ကျွန်တော်တို့မှာ အများကြီး ကျသွားတာ။ ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်၊ စာရင်းအရပေါ့နော်။ ဖိနပ်အော်ဒါစာရင်းတွေ အဲဒီလောက်ကျသွားတာပေါ့"


ဆက်နွှယ်သောသတင်းများ

တရုတ်လုပ်ရွှေဆိုင်းတွေကြောင့် မန္တလေးက ရိုးရာလုပ်ငန်းတွေအခက်တွေ့

ရမည်းသင်းက အိုးစည် ဒိုးပတ်နဲ့ ဗုံတွေထုတ်လုပ်တဲ့ရွာ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနဲ့ အနာဂတ် အလားအလာ


သားရေဖိနပ်တစ်ရံရဖို့ စက်နဲ့ ပုံရိုက်တာ၊ ဆေးဆိုးတာ၊ စက်ကြိတ်တာ၊ ရာဘာကပ်တာ၊ သဲကြိုးတပ်တာ၊ စက်ချုပ်တာ၊ အချောကိုင်တာ အဆင့်ဆင့် လုပ်ရပါတယ်။ ဒါကြောင့် ဖိနပ်တစ်ရံဖြစ်ဖို့ မလွယ်ဘူးလို့ လုပ်သက် ဆယ်နှစ်ကျော်ရှိတဲ့ ကိုကျော်သီဟက ပြောပါတယ်။

"လွယ်တော့မလွယ်ဘူး။ ဒီတိုင်းကြည့်နေရုံနဲ့ အမြင်က လုပ်တတ်လောက်တယ်ထင်တာ။ တကယ်လုပ်ကြည့်ရင် မလွယ်ဘူး ခက်ခဲတယ်၊ တစ်ခုချင်းလုပ်ရတာ။ တွက်မယ်ဆိုရင် အကုန်လုံးဆိုရင် သုံးဆယ်ကျော်လောက်တော့ရှိမယ် အခန်းပေါင်း"

လုပ်အားခကိုတော့ ဖိနပ်အရံရေနဲ့တွက်ပြီးပေးတဲ့ အလုပ်ရုံတွေရှိသလို နေ့တွက်နဲ့ပေးတဲ့ အလုပ်ရုံတွေလည်း ရှိပါတယ်။ လုပ်အားခအနေနဲ့ အနိမ့်ဆုံး ငွေကျပ် ခုနစ်ထောင်ကနေ အများဆုံး ကျပ်နှစ်သောင်းလောက်အထိ ရကြပါတယ်။

"ကျန်တဲ့လုပ်ငန်းတွေလည်း အဆင်ပြေ၊ အားလုံး အဆင်ပြေတော့မှ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကအစ အဆင်ပြေမှ ကျွန်တော်တို့ ကုန်ကြမ်းစျေးတွေလည်း ပုံမှန်ပြန်ဖြစ်မှာပေါ့နော်"

တချို့ အိမ်တွင်း တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေက နာမည်ကြီးဖိနပ်တံဆိပ်လုပ်ငန်းကြီးတွေဆီကနေ ကန်ထရိုက်လိုစနစ်နဲ့ တံဆိပ်ယူပြီး ထုတ်လုပ်ပေးတာပါ။

ဒါကြောင့် နာမည်ကြီးတံဆိပ် ဖိနပ်လုပ်ငန်းကြီးတွေလည်း အရင်ကလောက် မထုတ်လုပ်ရတော့တဲ့အတွက် သူတို့အလုပ်တွေခွဲမပေးနိုင်တော့လို့ လုပ်ငန်းသေးတချို့ ရပ်နားလိုက်ရတာတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရိုးရာဖိနပ်လုပ်ငန်းတွေ အရင်လို အဆင်ပြေအောင် မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အရာရာဟာ ဆက်နွယ်နေတဲ့အတွက် ဖိနပ်လုပ်ငန်းတစ်ခုတည်း ပြန်ကောင်းလာမှာတော့ မဟုတ်ဘူးလို့ ကိုရဲက ပြောပါတယ်။

"တစ်ယောက်နဲ့ တစ်ယောက်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရပ်တည်လို့ရမှာလေနော်။ ရပ်တည်လို့ရမှာဆိုတော့ ကျွန်တော်တို့က ဒီလုပ်ငန်းလည်း အဆင်ပြေပြီးတော့ ကျန်တဲ့လုပ်ငန်းတွေ အဆင်မပြေဘူးဆိုလည်း ဒီလုပ်ငန်းက ရပ်တည်လို့ မလွယ်ဘူး။ ကျန်တဲ့လုပ်ငန်းတွေလည်း အဆင်ပြေ၊ အားလုံး အဆင်ပြေတော့မှ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကအစ အဆင်ပြေမှ ကျွန်တော်တို့ ကုန်ကြမ်းစျေးတွေလည်း ပုံမှန်ပြန်ဖြစ်မှာပေါ့နော်။ အဲဒါပဲ မျှော်လင့်ပါတယ်။ အကုန်လုံး အဆင်ပြေဖို့တော့ အရေးကြီးတာပါပဲ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။