ရှမ်းပြည်က လက်ကျန်မိုင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်နေ

2022.05.19
ရှမ်းပြည်က လက်ကျန်မိုင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်နေ မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက် ဆုံးရှုံးလိုက်ရသည့် သီပေါမြို့မှ ကိုအိုက်ပီး ကို တွေ့ရစဥ်
Photo: RFA

“တအားဝမ်းနည်းတယ်၊ မွေးလာတုန်းက အကောင်းဆိုတော့ ဒီလိုဖြစ်သွားတာ ဘယ်လိုပြောရမယ်၊ ဘယ်လိုဖြေ သိမ့်ရမယ်ဆိုတာကို စဉ်းစားလို့ကိုမရတော့ဘူး။ ရင်ထဲကို မကောင်းဘူး ”

မိုင်းနင်းမိလို့ ဘယ်ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ အသက် ၄၂ နှစ်အရွယ်သားဖြစ်သူ အိုက်ပီးအတွက် မိခင်ဖြစ်သူ ဒေါ်လှရင် ဝမ်းနည်းပူဆွေးနေတာပါ။

သီပေါမြို့ခံ ကိုအိုက်ပီးဟာ မိသားစုလေးဦး ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအစပ်က ရွာတွေကို ဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းတာပါ။

အခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ရှမ်းပြည်တောင်ပိုင်း နောင်ဝိုးရွာအနီးမှာ ဈေးရောင်းရင်း မိုင်းနင်းမိခဲ့ လို့ သူ့ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

“ရုတ်တရက်ဆိုတော့ ဒိန်းဆိုတဲ့အသံပဲ ကြားလိုက်တယ်။ ဘာမှမသိတော့ဘူး ဆိုင်ကယ် လဲသွားတာ။ ကျနော်က ပက်လက်ကြီးဖြစ်သွားတော့ ကျနော့်ဆိုင်ကယ်က ကာဘာ မပါဘူး။ ကာဘာမပါတော့ ဆီတိုင်ကီပိုက်ကို ဖြတ်ပြီးတော့ ဆီတွေယိုလာတာမြင်တော့ ကျနော်လည်း မှောက်လျက်အနေအထားနဲ့ ဘေးကို ထွက်သွားတာ။ သတိလည်း ချက်ချင်းမလွတ်ဘူး။ ကျနော်ပထမဆုံးမြင်လိုက်တာ ခြေထောက်ပေါ့။ မြင်လိုက်တော့ စိတ်ထဲမှာ ဟာသွားပြီပေါ့၊ ငါ့ဘဝတစ်ဖက်တော့သွားပြီပေါ့”

ကိုအိုက်ပီးဟာ ဒေသတွင်းပရဟိတအသင်းတွေရဲ့ အကူအညီနဲ့ လားရှိုးဆေးရုံမှာ တက်ရောက်ဆေးကုသခဲ့ပေမယ့် ခြေထောက်တစ်ဖက်ကတော့ ဖြတ်လိုက်ရပါတယ်။

ဒီရွာတွေအနားမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် လက်ကျန်မိုင်းတွေ ဒုက္ခပေးနေတာကြောင့် သူ့အရင်ကတည်း ဒီရွာနားမှာပဲ မိုင်းထိခဲ့သူနှစ်ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RCSS နဲ့ SSPP တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲက ရွာအချို့မှာလည်း မိုင်းထိသူတွေ ရှိပါတယ်။

အဲဒီထဲမှာ မိသားစုခုနစ်ဦးကို တောင်ယာနေ့စားလုပ်၊ ထင်းရှာဖွေရောင်းချပြီး ရှာကျွေး နေတဲ့ ပုံဖန်းရွာသား အသက် ၃၂ နှစ်အရွယ် စိုင်းအောင်တို့ညီအစ်ကိုလည်း ပါဝင်ပါတယ်။

သူတို့ညီအစ်ကိုဟာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ ရွာအရှေ့ဘက် တောထဲထင်းသွား ရှာရင်း မိုင်းထိပြီး ခြေထောက်နဲ့ ရင်ဘတ်မှာ ဒဏ်ရာရခဲ့ကြပါတယ်။

“အိမ်မှာမွေးထားတဲ့ခွေးက အရှေ့ကနေသွားတာ၊ ခွေးက အရင်တိုက်မိတာ။ ခွေးက တော့ သေသွားပြီထင်တယ် မလာတော့ဘူး။ နောက်တစ်ယောက်က ကျနော့်အစ်ကို၊ သူက ရင်ဘတ်နားလေး ထိသွားတယ်။ ကျနော်က ခြေထောက်မှာ ထိသွားတာ”

ကိုစိုင်းအောင်ဟာ ခြေထောက်မှာမိုင်းထိခဲ့တဲ့အပြင် အမျိုးသမီးကလည်း မီးဖွားထားတာ လပိုင်းပဲရှိတာကြောင့် ကလေးငါးဦးနဲ့ စားဝတ်နေရေးရော၊ ဆေးကုသရေးအတွက်ရော ခက်ခဲစွာရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

အလားတူပဲ ပုံဖမ်းရွာနဲ့ တစ်မိုင်ကျော်ပဲဝေးတဲ့ ရေပူရွာက အသက် ၂၂ နှစ်အရွယ် စိုင်းအောင်ကျန်လည်း အခုနှစ် မတ်လ ၁၈ ရက်နေ့မှာပဲ ပြောင်းဖူးတွေကို တောင်ယာ တဲမှာသွားထားချိန် မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး ခဲ့ပါတယ်။

ဒါကြောင့် အကြားအာရုံ မသန်စွမ်းဖြစ်နေတဲ့ ၅၀ ကျော်အရွယ် မိခင်ဖြစ်သူကို ရှာဖွေကျွမွေးဖို့ ခက်ခဲသွားမှာကို စိုင်းအောင်ကျန်တစ်ယောက် စိတ်ပူနေတာပါ။

“ခြေထောက်တစ်ဖက်မရှိတော့ စိတ်ဓာတ်ကျသွားပြီပေါ့နော်။ သွားတော့လည်း မြန်မြန်သွားလို့မရ၊ လုပ်ချင်တဲ့ဟာ လုပ်လို့မရဘူးပေါ့။ လက်နဲ့ကိုင်လုပ်လို့ရတာရှိရင် ကျနော်လုပ်မယ်။ အမေကို လုပ်ကျွေးရမှာလေ။ လုပ်ရသလောက်ပေါ့ ကျနော်လုပ်ကျွေး မယ်ဗျ။ နားလည်း လေးတယ်၊ သူများပြောလည်း အသံသိပ်မကြားဘူးပေါ့နော်”

သီပေါမြို့နယ်ထဲက ဘော်ကြို၊ ပုံဖန်း၊ ရေပူ၊ တွန်ဆောက်နဲ့ ကျောက်မဲမြို့အစပ်က မန်ဆိုင်ရွာတွေမှာ ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း မိုင်းထိခဲ့သူ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းငါးဦးအထိ ရှိခဲ့တယ်လို့ မိုင်းထိလူနာတွေကို ကူညီပေးခဲ့တဲ့ ဘော်ကြိုပရဟိတအသင်း တာဝန်ခံက ပြောပါတယ်။

အဲဒီထဲမှာ အမျိုးသားနှစ်ဦးက ခြေထောက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရသလို အမျိုးသမီးတစ်ဦး ကတော့ ဒီနေ့အချိန်အထိ ကိုယ်ခန္ဓာမသန်စွမ်းဖြစ်နေဆဲဖြစ်လို့ ရွာသားတွေ တောထဲ ထင်းရှာဖို့ တောင်ယာလုပ်ဖို့ မသွားရဲကြဘူးလို့ ဘော်ကြိုပရဟိတအသင်း တာဝန်ခံ စိုင်းအောင်ညွန့်က ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့ဒေသမှာ ဒါမျိုးတွေမဖြစ်ခဲ့ဘူးပေါ့။ ဒါမျိုးဖြစ်တဲ့အခါ ကျတော့ ရွာသူ၊ ရွာသားအနေနဲ့ စားဝတ်နေရေးပေါ့ လက်ရှိအချိန်ထိ တောထဲတောင်ထဲ မဝင်ရဲကြဘူးပေါ့။ လက်ရှိက ဘယ်နေရာမှာ ရှိမယ်ဆိုတာ မတွေ့ရဘူးပေါ့”

မိုင်းဒဏ်ခံနေရတဲ့ရွာတွေဟာ ၂၀၂၂ နှစ်ဆန်းပိုင်းက RCSS နဲ့ SSPP တပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာတွေဖြစ်ပြီး တိုက်ပွဲကာလတုန်းက သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီး ကျောင်းမှာ ဒေသခံတွေ တစ်လဝန်းကျင်လောက် တိမ်းရှောင်နေခဲ့ရာ အခုသူတို့နေရပ်ကို ပြန်ရောက်ချိန် လုပ်ငန်းခွင်ဝင်ချိန်မှာ မိုင်းနင်းမိကြတာလို့ ဒေသခံတွေက ပြောပါတယ်။

"တအားဝမ်းနည်းတယ်၊ မွေးလာတုန်းက အကောင်းဆိုတော့ ဒီလိုဖြစ်သွားတာ ဘယ်လိုပြောရမယ်"

ဧပြီလကစပြီး RCSS နဲ့ SSPP တို့တိုက်ပွဲတွေရပ်သွားပေမယ့် ရှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ အင်တော၊ ကျောက်ဂူ စတဲ့ မြို့နယ်တွေနဲ့ ရွာ အချို့မှာတော့ မိုင်းထိခိုက်မှုဒဏ်ကို ဒေသခံတွေ ခံစားနေရတယ်လို့ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းလုပ်နေသူတွေက ပြောပါတယ်။

အရပ်သားတွေထိခိုက်မှုအတွက် သက်ဆိုင်ရာတပ်ဖွဲ့တွေအနေနဲ့ တာဝန်ခံမှုရှိဖို့လိုတယ်လို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေ ပူးတွဲလုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၂) လွေးအေးထွေးက ပြောပါတယ်။

“သူတို့ဆီမှာ တာဝန်အပြည့်အဝရှိတယ်ပေါ့နော်။ ဘယ်လက်နက်ကိုင်မဆို မြေမြှုပ် မိုင်းရော၊ လက်လုပ်မိုင်းရော သုံးမယ်ဆိုရင် စည်းကမ်းရှိဖို့လိုမယ်။ မိုင်းတစ်လုံးကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ချင့်ချိန် တတ်ဖို့လိုတယ်။ ဘာလို့လဲ ဆိုရင် ထိခိုက်သွားရင် တိုင်းရင်းသားပြည်သူလူထုတွေ ထိတာများတယ်။ စနစ်တကျ သုံးတတ်ဖို့လိုသလို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လိုတယ်လို့ ကျမတို့မြင်တယ်”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မနေ့ကထုတ်ပြန် ချက်အရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အထိ မြန်မာနိုင်ငံတစ်ဝန်း မိုင်းပေါက်ကွဲမှုပေါင်း ၅၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးနဲ့ ဒဏ်ရာရသူ ၈၀ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ရှမ်းပြည်နယ်က ၃၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့တာကြောင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထက် ရာခိုင်နှုန်းအများဆုံးဖြစ်နေပါတယ်။

မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့သည့် ရေပူရွာမှ စိုင်းအောင်ကျန် ကို မိခင်နှင့်အတူ ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)
မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့သည့် ရေပူရွာမှ စိုင်းအောင်ကျန် ကို မိခင်နှင့်အတူ ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဘုန်းဟန် ကတော့ ဒီမိုင်းတွေဟာ သူတို့အဖွဲ့ကလုပ်ထားတာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ထိုးစစ်ဆင်တဲ့နေရာမှာ မိုင်းထောင်တယ်ဆိုတာတော့ ယုတ္တိမရှိဘူး။ အရင် အဖွဲ့အစည်းက ထောင်ထားခဲ့တဲ့ မိုင်းတွေဆိုတာ တိတိလင်းလင်းသိထားဖို့လိုတာပေါ့။ ကိုယ်ရှိနေတဲ့နေရာကို မိုင်းထောင်တယ် ဆိုတာတော့ အဓိပ္ပာယ်မရှိဘူးလေ။ ကိုယ့် အန္တရာယ်တောင်ပြန်ဖြစ်နိုင်တယ်လေ။ မြေမြှုပ်မိုင်းတို့၊ နင်းမိုင်းတို့ဆိုတာ ကျနော်တို့ မလုပ်ဘူးဗျ။ စစ်ဆင်ရေးလုပ်တဲ့နေရာမှာ အန္တရာယ်ရှိနိုင်တဲ့နေရာမျိုးမှာ ကျနော်တို့ တပ်ချထားတဲ့အချိန် ခဏတစ်ဖြုတ်တော့ တစ်ခါတလေတော့ လုပ်ရင်လုပ်မှာပေါ့လေ”

လက်ကျန်မိုင်းတွေ ဘယ်နေရာမှာရှိလဲ အတိအကျမသိနိုင်ပေမယ့် မိုင်းရှိတဲ့နေရာကို ဒေသခံတွေက သတင်းပေးနိုင်ရင် သွားရှင်းပေးမယ်လို့လည်း ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။

ဒီကိစ္စအတွက် RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့လကစပြီး သီပေါမြို့နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအချင်းချင်း တိုက်ပွဲတွေ ရပ်နားနေပါတယ်။

ဒါပေမဲ့ လက်ကျန်မိုင်းတွေ ဘယ်နေရာမှာရှိနေမလဲ ဆိုတာကိုတော့ အရပ်သားတွေ မသိနိုင်ကြတာကြောင့် အရပ်သားတွေရဲ့ဘ၀ မထိခိုက်စေချင်တော့ဘူးလို့ မိုင်းကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ ကိုအိုက်ပီးက ပြောပါတယ်ခင်ဗျာ။

“ကိုယ်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘဲနဲ့ အခုလိုဖြစ်သွားတာ ကိုတော့ ယူကျုံးမရဘူးပေါ့ဗျာ။ ဒီလိုမျိုး အဖြစ်ဆိုးကတော့ ကျနော်တို့ ကြားလည်း မကြားချင်ဘူး၊ မြင်လည်း မမြင်ချင်ဘူး။ ထပ်လည်း မဖြစ်စေချင်တော့ဘူး။ ဘာလို့လဲ ဆိုရင် ဖြစ်တဲ့သူကိုယ်တိုင်ပဲ ခံစားရတယ်၊ လုပ်သွားတဲ့သူက မခံစားရဘူး။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။