ခရီးထွက်ခဲ့တဲ့ နေပြည်တော်ဝန်ထမ်း လေးရာကျော်ကို ကန့်သတ်စောင့်ကြည့်
2020.04.22
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ ကျော်နဲ့ ပြည်ပကပြန်လာသူ ၁၅၀ ကျော်ကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ခံရသူတွေအဖြစ် လက်ခံထားပါတယ်။
နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ဖို့ အမိန့်ထွက်ပြီး နောက်ပိုင်း ဒီနေ့ အချိန်အထိ စည်ပင်ဧည့်ရိပ်သာ ၁ ကို ရောက်ရှိလာသူ ၄၀၀ ကျော် ရှိနေပါတယ်။
စည်ပင်ဧည့်ရိပ်သာ ၁ Quarantine စင်တာ တာဝန်ခံ နေပြည်တော်တိုင်း ကုသရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်က ဒီနေ့နေ့လယ်ပိုင်းအထိ အစိုးရဝန်ထမ်း ၄၀၅ ဦးကို လက်ခံထားတယ်လို့ ပြောပါတယ်။
အစိုးရဝန်ထမ်းတွေအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းက အစားအသောက်နဲ့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပေးပို့ဖို့ ညွှန်ကြားထားတဲ့အတွက် သူတို့အတွက် တစ်ခါသုံး ပစ္စည်းတွေကိုသာ စိစစ်လက်ခံနေ တယ်လို့လည်း ပြောပါတယ်။
နောက်ထပ် စည်ပင်ဧည့်ရိပ်သာ ၁ ကို ရောက်မယ့် ဝန်ထမ်းတွေလည်း အများအပြား ကျန်ရှိနေပါတယ်။
အသွားအလာစောင့်ကြည့်ခံရတဲ့ ဝန်ထမ်းတွေကို နေ့စဉ် အဖျားတိုင်းတာတွေ လုပ်နေသလို သူတို့တွေ Quarantine ၂၁ ရက်ပြည့်လို့ ပြန်မယ့်အချိန်မှာ သူတို့ထဲက အယောက် ၂၀ ကိုရွေးပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမယ်လို့ ဒေါက်တာဝင်းမာလာကြင်က ပြောပါတယ်။
စည်ပင်ဧည့်ရိပ်သာ ၁ က Quarantine စင်တာမှာ နေ့စားဝန်ထမ်းကနေ ညွှန်ကြားရေးမှူးရာထူးအထိ လက်ခံထားပြီး ဒုတိယညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေကိုတော့ နေပြည်တော်က ဟိုတယ်တစ်ခုမှာ သီးခြားစောင့်ကြည့်လက်ခံထားတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ပြည်ပပြန် ၁၆၀ ကျော် ကျန်ရှိနေပါတယ်။
စည်ပင်ဧည့်ရိပ်သာ ၁ မှာ Quarantine ၂၁ ရက်နေထိုင်ပြီး နေရပ်ပြန်သွားတဲ့ သူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ခုချိန်အထိ တစ်ဦးမှ မရှိသေးဘူးလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
နေပြည်တော် နည်းတူ မန္တလေးမြို့ကို ဝင်ရောက်လာသူတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေရှိတဲ့ ဒေသက လာရောက်သူတွေကို ဧပြီ ၂၂ ရက်နေ့ ကစပြီး ၂၁ ရက် Faclity Quarantine ထားရှိသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အရင်ကတော့ နိုင်ငံခြားကပြန်လာတဲ့သူတွေသာ စောင့်ကြည့်ခဲ့တာပါ။ ထုတ်ပြန်ချက်မှာ အချက် ငါးချက်ပါဝင်ပြီး ရောဂါပိုး မတွေ့ရှိတဲ့ဒေသက ပြန်လာတဲ့သူဆိုရင်လည်း လိုအပ်တဲ့စစ်ဆေးမှုတွေ ခံယူရမယ်၊ လိုအပ်မယ်ဆိုရင် စောင့်ကြည့်စခန်းဝင်ရမယ်၊ မိသားစုအလိုက်ပြန်လာတာဆိုရင် သီးသန့်နေရာတစ်ခုမှာ မိသားစုလိုက်နေရမယ်၊ Hotel Quarantine လုပ်မယ်ဆိုရင် ခွင့်ပြုတယ်၊ တစ်ဦးချင်းပြန်လာတဲ့သူဆိုရင်တော့ သတ်မှတ်နေရာမှာ Faclity Quarantine ဝင်ရမှာဖြစ်တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
မန္တလေးတိုင်းအတွင်းမှာဆိုရင် စောင့်ကြည့်စခန်း လုပ်ထားတဲ့နေရာ ၁၀၀၄ နေရာရှိပြီး လူဦးရေ ၃၆၀၀ ကျော် ဝင်ရောက်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းကလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ကားလမ်း၊ လေကြောင်းတွေနဲ့ ဝင်ရောက်လာတဲ့ သူတွေအနေနဲ့ အစိုးရစီစဉ်ပေးတဲ့ Quarantine မှာ ၂၁ ရက်နဲ့ နေအိမ်တွေမှာ ၇ ရက် နေရမယ်လို့ ဧပြီ ၂၁ ရက်စွဲနဲ့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်တာဆီးရေးအတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအနေနဲ့ ရပ်ကွက် ကျေးရွာတွေမှာ စီစဉ်ထားတဲ့ ကန့်သတ်စောင့်ကြည့်နေရာမှာ ၂၁ ရက် Quanrantine နဲ့ မိမိနေအိမ်မှာ နောက်ထပ် ၇ ရက် Quanrantine စုစုပေါင်း ၂၈ ရက် မဖြစ်မနေလုပ်ရမယ်လို့ တိုင်းဒေသကြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။
အလုပ်ကိစ္စနဲ့ ခေတ္တလာရောက်မယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဆီမှာ ခွင့်ပြုချက်တောင်းခံပြီး လာရောက်မယ်ဆိုရင် ၂၁ ရက် Quanrantine လုပ်စရာ မလိုဘူးလို့လည်း ဦးကျော်မင်းက ပြောပါတယ်။
လာရောက်မယ့်ကိစ္စ၊ လာရောက်မယ့် လူဦးရေနဲ့ ဘယ်နှစ်ရက်နေမယ်ဆိုတာတွေကို အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို တင်ပြရမှာဖြစ်ပါတယ်။
လာရောက်ရင်လည်း နေအိမ်တွေမှာနေခွင့်မရှိဘဲ ဟိုတယ်မှာနေရမှာဖြစ်ပြီး လူတွေနဲ့ နီးနီးကပ်ကပ် သွားလာနေထိုင်တာမျိုးတွေ မလုပ်ရဘဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမှာ ဖြစ်သလို သတ်မှတ်ရက်မှာ ပြန်ရမှာဖြစ်ပါတယ်။