ကလေးမြို့ သာစည်ရွာမှာ ကာကွယ်ရေးအဖွဲ့၀င် ၁၀ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.04.12
ကလေးမြို့ သာစည်ရွာမှာ ကာကွယ်ရေးအဖွဲ့၀င် ၁၀ ဦး ဖမ်းဆီးခံရ ဖမ်းဆီးခံရသည့် ကလေးဒေသ ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Fifty two news

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာစည်ရွာမှာ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့မနက် အစောပိုင်းက ကလေးဒေသ ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ ဒေသကာကွယ်ရေး အဖွဲ့ကပြောပါတယ်။

လာရောက်ဖမ်းဆီးချိန် ပြန်လည်ခုခံခဲ့ပေမယ့် စစ်ကောင်စီတပ်က အင်အားများတာကြောင့် အဖမ်းခံလိုက်ရတာလို့ ကလေးဒေသကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက သူတို့ ထောက်လှမ်းရေးတွေဘက်က သတင်းပေးလို့ ဒီမနက် ၃ နာရီခန့်မှာ သာစည်ရွာ ကျနော်တို့ အဖွဲ့တွေနေတဲ့နေရာမှာ လာရောက်ပြီးဖမ်းသွားတာ။ ပြန်တော့ပစ်ပေမယ့် အင်အားမမျှဘူးလေ။ ၁၀ ယောက် အဖမ်းခံရတာ။ အဲဒီအထဲက တစ်ယောက်ကတော့ ဒဏ်ရာရတယ်။ လက်နက်တွေလည်းပါသွားတယ် "

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ရက် စာမျက်နှာတွေမှာ လက်နက်ခဲယမ်းတွေ အပါအ၀င် ကားတစ်စီးနဲ့ ဆေးခြောက်တွေကိုပါ ဖမ်းမိခဲ့တယ်လို့ ရေးသားကြပေမယ့် ကလေးဒေသကာကွယ်ရေးအဖွဲ့ကတော့ ဆေးခြောက် မပါ၀င်ဘူးလို့ ငြင်းဆိုပါတယ်။

အဖမ်းခံလိုက်ရတဲ့ ဒေသကာကွယ်ရေးအဖွဲ့၀င် ၁၀ ဦးကို ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှာ ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကလေးမြို့မှာ ATOM၊ Ooredoo နဲ့ Mytel ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ပြတ်တောက်နေသလို MPT ဖုန်းလိုင်းလည်း မကြာခဏပြတ်နေတာကြောင့် နောက်ဆက်တွဲ အခြေအနေကိုတော့ တိတိကျကျ မသိရဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၂၁၃၃၄ ဦး ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။