စစ်ကိုင်းမြို့နယ် ရွာလေးရွာက နေအိမ်တစ်ရာကျော်မီးရှို့ခံရ

RFA Burmese
2023.04.24
စစ်ကိုင်းမြို့နယ် ရွာလေးရွာက နေအိမ်တစ်ရာကျော်မီးရှို့ခံရ စစ်ကိုင်းတိုင်း မူးသာရွာမှ မီးရှို့ခံခဲ့ရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက မူးသာ၊ တောင်မြို့၊ ရွာသစ်၊ ရွာထောင် စတဲ့ ရွာလေးရွာကို ဧပြီလ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှိုခဲ့လို့ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီလ ၂၁ ရက်တုန်းက အင်းစရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အင်းစရွာကိုမီးရှို့ပြီး မူးသာရွာမှာ နှစ်ညအိပ်ပြီးတပ်စွဲသွားတယ်။ ၂၃ ရက်မနက်ပိုင်းမှာ ရွာစဉ်အလိုက် မီးရှို့သွားတာ။ ဆက်တိုက်ကို ရှို့သွားတာ။ မူးသာရွာကနေစတာ ”

အခုလို မီးရှို့ခံရတာကြောင့် မူးသာရွာက နေအိမ် ၄၉ လုံး၊ တောင်မြို့ရွာက နေအိမ် ၁၆ လုံး၊ ရွာသစ်ရွာက နေအိမ် ၃၇ လုံးနဲ့ ရွာထောင်ရွာက နေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့ ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီလ ၂၁ ရက်က အင်းစရွာမှာဖမ်းဆီးခံရတဲ့ ဦးမာဆင်နဲ့ ဦးမိုးတို့ကတော့ မူးသာရွာ အနီးမှာ ပြန်လွတ်လာခဲ့ပြီး ကိုရဲနောင်တစ်ဦးကိုတော့ စစ်ကောင်စီတပ်က ဆက်ပြီးဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မူးသာရွာသားတစ်ဦးနဲ့ ရွာသစ်ရွာက ဒေသခံငါးဦးလည်း ဧပြီလ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီရွာတွေမီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ဆက် သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။