၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ဆန္ဒပြ

RFA Burmese
2023.10.29
၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ ဆန္ဒပြ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် မနက်ပိုင်းက မန္တလေးမြို့တစ်နေရာတွင် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်ထားသည်ကို တွေ့ရစဉ်။
မန္တလေးသပိတ်အင်အားစု

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့လှုပ်ရှားမှုတွေ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အောက်တိုဘာလ ၂၇ ရက် စလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေက RFA ကိုပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်ညပိုင်းက ရန်ကုန်မြို့မှာ North Dagon Oppressed People's Strike Coalition-NDOPSC နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး တော်လှန်စစ်ကို ထောက်ခံကြိုဆိုကြောင်း လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ယင်းမာပင် - ဆာလင်းကြီးရွာပေါင်းစုံလူထုသပိတ်က ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း လူထုလှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုပါဝင်ခဲ့တဲ့ ယင်းမာပင် - ဆာလင်းကြီးရွာပေါင်းစုံ လူထုသပိတ် ဦးဆောင်ကော်မတီဝင် ကိုလွှမ်းသူကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးဟာ စစ်ကောင်စီအတွက်အထိနာတဲ့ ထိုးနှက်ချက်တစ်ခုလို့ RFA ကိုပြောပါတယ်။

"မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဗျူဟာကျကျ စစ်ဆင်နိုင်မှုဟာ ကျွန်တော်တို့ နွေဦးတော်လှန်ရေးအတွက် အားတစ်ခုတိုးလာတယ်။ တရားသောစစ်ကပဲ အောင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ လက်ခံထားတယ်။ ပြီးတော့ ဒီစစ်ဆင်ရေးဟာ စစ်တပ်အတွက် အသက်ရှူကျပ်၊ ထွက်ပေါက်ပိတ်တဲ့အခြေအနေဖြစ်လာမှာပါ"

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ စတဲ့ဒေသတွေမှာလည်း ၁၀၂၇ စစ်ဆင်ရေးကိုကြိုဆိုထောက်ခံတဲ့ လှုပ်ရှားမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးသပိတ်အင်အားစုကလည်း အောက်တိုဘာလ ၂၉ ရက် ဒီကနေ့မနက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းရပ်တည်မယ်ဆိုတဲ့ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး ဝင်တိုက်ခဲ့တာပါ။

အောက်တိုဘာလ ၂၈ ရက်ညနေအထိ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးစပြီး ၂၄ နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ကျော်ကို သိမ်းယူ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်နဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်ကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတား ကင်းစခန်းက တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့ကို အောက်တိုဘာလ ၂၇ ရက်က ဖြေဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ MNDAA၊ TNLA နဲ့ AA တို့အပြင် မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ပူးပေါင်းပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။