မြန်မာပြည်မြောက်ပိုင်းတိုက်ပွဲများ တရုတ် စိုးရိမ်
2016.11.20

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အထူးစိုးရိမ်ကြောင်း၊ ဆိုင်ရာအဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားမလာအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ တရုတ်သံရုံးကလည်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်ပြည်ပိုင်နက်အတွင်း ထွက်ပြေးဝင်ရောက်လာခဲ့ကြ တဲ့ မြန်မာနိုင်ငံသားတချို့ကို လူသားချင်းစာနာရေးအရ စောင့်ရှောက်ထားပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေ ကိုလည်း ဆေးရုံတင်ကုသပေးနေကြောင်း၊ မြန်မာနိုင်ငံတွင်းမှာရှိကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း မိမိတို့လုံခြုံရေးအတွက် သတိနဲ့နေထိုင်ကြပြီး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသတွေကို ရှောင်ရှားကြဖို့၊ အရေးကြုံရင် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို အကြောင်းကြားကြဖို့ သတိပေးထားပါတယ်။