ဒဏ်ရာရရှိသူ နောက်ဆုံး အခြေအနေ


2016.11.20
105-mile-fighting-injured-620.jpg မူဆယ်မြို့၁၀၅ မိုင်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ၁ ဦးကို တွေ့ရစဉ်
Photo: Khin Mg Lwin/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ တစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ်မြို့လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

မူဆယ်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေနဲ့ ၁၀၅ မိုင်ကနေ မြို့ပေါ် ထွက်ပြေး တိမ်းရှောင်လာသူတွေကို ကူညီပေးနေတဲ့ ကာယကံပရ ဟိတဖောင်ဒေးရှင်းက ကိုမောင်မျိုးက အခုလိုပြောပါတယ်။

" ဆေးရုံတက်တဲ့လူနာက လက်ရှိအခြေအနေထိ ၃၀ နဲ့ ၄၀ ကြားမှာရှိတယ်၊ သေဆုံးတာက အမျိုးသမီး ၁ ယောက် အမျိုးသား ၂ ယောက်၊ လူကတော့ သီလရှင်ရော၊ အရပ်သားတွေရော ၁၀၀၀ ကျော်လောက် ရှိမယ်၊ကျွန်တော်တို့ ဘုန်းကြီးကျောင်းတွေမှာရယ် ကုန်သည်ကြီးများအသင်းမှာရယ် မြို့ပေါ်ရှိ တဲ့ကျောင်းတွေမှာခွဲပြီးတော့ လွတ်တဲ့နေရာတွေမှာ စီစဉ်ပေးထားပါတယ်"လို့ ကိုမျိုးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့လူနာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့က ဆေးရုံတွေကို လေယာဉ်နဲ့ ပို့ဆောင်ကုသပေးဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့အဝင်မှာရှိပြီး မူဆယ်မြို့နဲ့ ၇မိုင်ကျော် ကွာဝေးပါတယ်။

ကုန်သွယ်ရေးဇုန်နဲ့ ဇုန်အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် မပေးတော့တဲ့အတွက် မန္တလေးက တက်လာတဲ့ ကုန်ကားကြီးတွေဟာ လတ်တလော ကွတ်ခိုင်မှာ ပိတ်မိနေ တယ်လို့ သိရပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြား ကားလမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရပ်ခိုင်းပြီး ကားသော့တွေ ယူသွားတဲ့အတွက် ကားတွေ ထွက်မရဘဲ လမ်းတွေ ပိတ်ကုန်ပါတယ်။

ဒီနေ့ မနက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)တို့က တပ်မတော် တပ်စခန်းတွေနဲ့ ရဲကင်းတွေကို TNLA, KIA/KIO, MNDAA နဲ့ AA လက်နက်ကိုင် တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်ကိုဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတားကိုလဲ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။