မုံရွာမြို့နယ် မုံရွေးရွာသား ၁၁ ဦး အဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးရွာက ဒေသခံရွာသား ၁၁ ဦးတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စက်တင်ဘာ ၉ ရက် ညနေခင်းနဲ့ နောက်နေ့ စက်တင်ဘာ ၁၀ ရက် နေ့ခင်းဘက်တွေမှာ အဖမ်းခံထားရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ ကိုဇင်မင်း၊ ကိုကတုံး၊ ကိုဇော်ကြီး၊ ကိုကျော်စိုး နဲ့ မစုဝေစိုး တို့ဖြစ်ပြီးတော့ ကျန်အမျိုးသား ခြောက်ဦးတို့ အမည်ကိုတော့ စုံစမ်းလို့မရသေးပါဘူး။
အဲဒီ ၁၁ ဦးထဲက မစုဝေစိုးနဲ့ အမျိုးသားတစ်ဦးတို့ဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြန်လွတ်လာပြီးတော့ ကျန်တဲ့သူတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးခံထားရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက် က ပြောပါတယ်။
"နှစ်ယောက်ကတော့ ကန်ဘောင်ထိပ်မှာ၊ နှစ်ယောက်က သူ့အိမ်က နွားတွေစိတ်မချလို့ ထွက်ကြည့်တာ နွားတွေချည်ထားတော့လေ အဲဒီနွားထွက်အကြည့်ကိုဖမ်းသွားတာ နှစ်ယောက်က ဇော်ကြီးဆိုတဲ့ ကလေးကတော့ ဆိုင်ကယ်လေးနဲ့ သူ့ဟာသူ ပြန်လာတော့ပေါ့နော်။ အဲဒီမှာ ဈေးထိပ်မှာ သူက ဆိုင်ကယ် ရပ်ခိုင်းပြီးတော့ ရိုက်နှက်ပြီး ဖမ်းသွားတာ နှစ်ယောက်ကတော့ ပြန်လွတ်လာတယ်"
သူတို့တွေကို စစ်ကောင်စီတွေက ဘာကြောင့် ခုလိုဖမ်းဆီးရသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဆန္ဒပြသပိတ်ဦးဆောင်သူတွေကတော့ သူတို့ဟာ ဒီအရေးတော်ပုံအထဲမှာ ပါဝင်သူတွေမဟုတ်ဘဲ သာမန် အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
မုံရွေးရွာဟာ မုံရွာ - မန္တလေး ကားလမ်းကြီးဘေးမှာရှိတဲ့ ရွာတစ်ခုဖြစ်ပါတယ်။ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီလို့ မုံရွာမြို့က ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောကြပါတယ်။