ကိုးကန့်ဒေသ ပြည်သူ့စစ်ယာဥ်တန်း ပစ်ခတ်ခံရပြီး အရပ်သားတွေအပါအဝင် ၁၂ ဦးသေဆုံး

2021.02.05
ကိုးကန့်ဒေသ ပြည်သူ့စစ်ယာဥ်တန်း ပစ်ခတ်ခံရပြီး အရပ်သားတွေအပါအဝင် ၁၂ ဦးသေဆုံး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂ဝ၂၁ ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်သူ့စစ်ယာဉ်တန်း ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်။
Photo: RFA

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်လွင် (ခ) လိုက်ပါလာတဲ့ ပြည်သူ့စစ်ယာဥ်တန်း ဒီကနေ့ ပစ်ခတ်ခံရပြီး အရပ်သားရှစ်ဦး အပါအဝင် ၁၂ ဦး​ သေဆုံးတယ်လို့ RFA က သတင်းရရှိပါတယ်။

ဒီကနေ့ ဖေ‌ဖော်ဝါရီ ၅ ရက် ညနေပိုင်း သုံးနာရီလောက်မှာ လားရှိုးမြို့ကနေ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကိုပြန်မယ့် ယာဥ်တန်းကို သိန္နီ-ကွမ်လုံကားလမ်းပေါ်က နားတီးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဒဏ်ရာရသူတွေက RFA ကို ပြောပါတယ်။

ပစ်ခတ်ခံရတဲ့နေရာ အနီးတစ်ဝိုက်ဟာ ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့နဲ့ TNLA တအာန်းပလောင် လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာ ဖြစ်ပြီး၊ အခုပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

နားတီးရွာအနီးက ရာဇာကုန်း လို့ခေါ်တဲ့ တောင်ကုန်းကနေ ကိုးကန့်ဒေသ ဦးစီးကော်မတီဝင် ဦးခင်မောင်လွင်နဲ့ယာဥ်တန်း ဖြတ်သွားချိန်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး ယာဥ်တန်းမှာလိုက်ပါလာတဲ့ ပြည်သူ့စစ် ဦး သေဆုံးတယ်လို့ အခင်းဖြစ်ရာမှာ ရှိနေသူတွေက RFA ကို ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေကို ပြည်သူ့စစ်ကားနဲ့ သိန္နီ နမ့်စလတ်တိုက်နယ်ဆေးရုံနဲ့ ကွမ်လုံဆေးရုံတွေကို ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

နမ့်စလတ် တိုက်နယ်​ဆေး​ရုံမှာ ရောက်နေတဲ့ အရပ်သားတွေထဲက သေဆုံးသူတွေကတော့ မင်္ဂလာပွဲတစ်ခုက ပြန်လာတဲ့ ကွမ်လုံဖာဆန် ရွာသူကြီး ဦးဂမ်လွမ်း၊ လားရှိုး-လောက်ကိုင် ယာဉ်မောင်းတွေနဲ့အတူ ပါလာတဲ့ လားရှိုးမြို့ ရပ်ကွက် (၄) က အမျိုးသားတစ်ဦး၊ ကွမ်လုံမြို့က အမျိုးသားတစ်ဦးနဲ့ သမီးဖြစ်သူ အပါအဝင် ကားဝပ်ရှော့မှာအလုပ်လုပ်တဲ့ အမျိုးသားတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကွမ်လုံမြို့နယ်ဆေးရုံကို ပို့ဆောင်လိုက်တဲ့အထဲမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အပါအဝင် သေဆုံးသူ ခုနှစ်ဦး ရှိနေပြီး၊ အရပ်သားတွေ ဘယ်သူဆိုတာကိုတော့ မသိရသေး​ပါဘူး။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လောက်ကိုင်မြို့ကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကွမ်လုံဆေးရုံမှာ ဒဏ်ရာရသူ ၁၂ ဦး ရောက်ရှိနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် လောက်ကိုင်မြို့ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ နမ့်စလတ်ဆေးရုံရောက် ဒဏ်ရာရသူ ၃ ဦးထဲက တစ်ဦးကိုတော့ လားရှိုးမြို့ကို ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။