မတ္တရာမှာ ဒေသခံ ၁၂ ဦး ပစ်သတ်ခံရ

RFA Burmese
2023.11.16
မတ္တရာမှာ ဒေသခံ ၁၂ ဦး ပစ်သတ်ခံရ မတ္တရာမြို့၊ မြို့မဈေးတစ်နေရာအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းဘေး အောင်ကန်သာရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ ပွဲစားကုန်းရွာသား တစ်ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ မနက်က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်မှာ ပတ်လည်အင်းရွာကို စစ်ကူလာတဲ့ အင်အား ၇၀ ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတွေကို ဖမ်းဆီးပြီး အဲဒီဆိုင်ထဲမှာပဲ သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

အသတ်ခံရတဲ့သူတွေဟာ အမျိုးသားတွေချည်းဖြစ်ပြီး သူတို့ကိုအကြောင်းမဲ့ ပစ်သတ်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ယောကျ်ားတွေချည်းပဲ လက်ပြန်ကြိုးတုပ်။ မျက်နှာကို ပုဝါစီးပြီး ပစ်သတ်လိုက်တာ။ ဆိုင်ပိုင်ရှင်ပါ အသတ်ခံလိုက်ရတာ။ ဆိုင်ထဲက ၁၁ ယောက်ရယ်၊ ပွဲစားကုန်းဘက်က ဖမ်းလာတဲ့ တစ်ယောက်ရယ်ပဲ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့က မိုင်ဝက်လောက်ပဲ ဝေးတာလေ။ တို့တော့ ဘာမှမလုပ်လောက်ပါဘူးလေဆိုပြီး ထိုင်နေတာကနေ ဖြစ်သွားတာပဲ"

အသတ်ခံရတဲ့ အမျိုးသားတွေဟာ အသက် ၃၀ နဲ့ ၅၀ ကြား လူလတ်ပိုင်းတွေဖြစ်ပြီး အနီးအနားက ဖုန်းတွေပါ သိမ်းဆည်းသွားတာကြောင့် အသတ်ခံရတဲ့သူတွေရဲ့ အချက်အလက် အပြည့်အစုံကို စုံစမ်းလို့မရသေးဘူးလို့ ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီခန့်က မတ္တရာနဲ့ စဥ့်ကူးနယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာ စစ်ကောင်စီတပ်စခန်းကို မတ္တရာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်မှာ မတ္တရာမြို့ပေါ်ကနဲ့ အင်ကြင်းမြိုင်ရွာကနေ အင်အား ၂၀၀ ခန့်နဲ့ စစ်ကူရောက်လာကြ တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းကပဲ ဒေသခံတွေကို သတ်ဖြတ်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

"ကြွက်မနိုင် ကျီ မီးနဲ့ရှို့တာ။ အပြစ်မဲ့ ပြည်သူကို သက်သက်လုပ်သွားတာ။ အောင်ကန်သာတို့၊ ပွဲစားကုန်းတို့က ပြည်သူတချို့ဖမ်းဆီးထားပြီး ပတ်လည်အင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတော့ ရှိနေတယ်"

လက်ရှိမှာတော့ ပတ်လည်အင်းရွာက နေအိမ် ၁၀ လုံးအပါအဝင် နေအိမ် ၁၅ လုံးကျော် မီးရှို့ခံသလို ပတ်လည်အင်း၊ အောင်ကန်သာနဲ့ ပွဲစားကုန်းရွာတွေက ဒေသခံ ၅၀၀ နီးပါး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်တာတွေအပြင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။