သုံ့ပန်းတွေထဲက ဒဏ်ရာပြင်းထန်သူ လေးဦးကို AA ပြန်လွှတ်ပေးလို
2020.03.15
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေထဲက ဒဏ်ရာရထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ တပ်မတော်သား လေးဦးကို အမြန်အဆုံးလွှတ်ပေးဖို့ အသင့်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
တပ်မတော်ဘက်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကယ်တင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မုန့်သန်းပြင်ရွာအနီး တိုက်ပွဲမှာ တပ်မ (၇၇) လက်အောက်ခံ ခမရ (၇) က တပ်မတော်သား ၃၈ ဦးကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေထဲက ဒဏ်ရာရထားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ တပ်မတော်သား လေးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အသင့်ရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက အကုန်လုံး ၃၈ ယောက်ရှိပြီပေါ့နော်။ အဲဒီမှာ ဒဏ်ရာပြင်းထန်တာ ကတော့ အရင် နှစ်ယောက်ရယ်၊ အခုနောက်ထပ် နှစ်ယောက်နဲ့ဆိုရင် ပေါင်း လေးယောက်ပေါ့။ အဲဒီ လေးယောက် စလုံးကို လာယူမယ့်သူရှိရင် လွှဲပေးဖို့ အဆင်သင့်ရှိတာပေါ့။ ဒါပေမဲ့ လာယူရေး မယူရေး ကတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်အပေါ်မှာ အများကြီး မူတည်တာပေါ့။”
AA အဖွဲ့က ဖမ်းဆီးထားတဲ့ တပ်မတော်သား ၃၈ ဦးထဲက နှစ်ဦးဟာ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ကျဆုံးခဲ့သလို လက်နက်ကြီးထိမှန်တာကြောင့် ဒဏ်ရာရသူ ၁၅ ဦးရှိတယ်လို့ AA အဖွဲ့က စွပ်စွဲ ပြောဆိုထားပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်သား တွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်နေပြီး ကျောက်တော်၊ ပလက်ဝနဲ့ မီးဝကြားမှာ အဲဒီလိုကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလို့ ပြောပါတယ်။
“အရင်က ကျွန်တော်ပြောထားတဲ့အတိုင်းပါပဲ။ အဆက်အသွယ် ပြတ်တောက်နေတဲ့ တပ်မတော်သားတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ရဲဘော်တွေရဲ့ အသက်အန္တရာယ် နဲ့ ပြန်လည်လုံခြုံမှုရရှိရေးအတွက် ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ အခုလည်း ကြိုးစားဆောင်ရွက်နေတယ်။ ဒါကြောင့်မို့ ဒီကြားထဲမှာ အဓိကအားဖြင့် မီးဝ၊ ပလက်ဝနဲ့ ကျောက်တော် ကြားထဲမှာ တိုက်ပွဲတွေဖြစ်နေတာလည်း ဒါကြောင့်မို့လို့ ဖြစ်နေတာပဲ ဖြစ်တယ်။ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ပဲ ကြိုးစား ဆောင်ရွက်နေတယ်လို့ပဲ ပြောချင်ပါတယ်။”
မတ်လ ၁၄ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ ပလက်မြို့နဲ့ ဆမီးမြို့ကြားမှာရှိတဲ့ မိတ်စာ(၂)၊ မိတ်စာ (၃) ကျေးရွာတွေပေါ်ကို လေကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုတစ်စုက လူ ခြောက်ဦးသေဆုံးခဲ့ပြီး သူတို့အပြင် မနေ့ညက သင်္ဂြိုလ်ခဲ့သူ ခြောက်ဦးရှိတာကြောင့် သေဆုံးသူ ၁၂ ဦးရှိတယ်လို့ အတည်ပြုနိုင်ကြောင်း မိတ်စာ(၁) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စံသာ က RFA ကို ဒီနေ့နေ့လည် ၁၁ နာရီခွဲခန့်က ပြောပါတယ်။
“၁၂ ယောက် သေချာပါတယ်ခင်ဗျ။ တစ်ယောက်ထပ်တိုးတယ်။ တစ်ယောက်က မနေ့က မေ့ကျန်ခဲ့လို့ပါ။ မိသားစုတစ်စုက ခြောက်ယောက်က ပိတ်မိပြီးမှ သေတယ်။ အလောင်းတွေလည်း မီးပုံထဲက မြင်ရပါတယ်။ အနားမှာမနေ့က ကပ်လို့မရသေးဘူး မီးကအရှိန် မသေသေးလို့”
သေဆုံးခဲ့သူအားလုံးဟာ ချင်းတိုင်းရင်းသားတွေဖြစ်ပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပါတယ်။
အပြင်းအထန် ဒဏ်ရာရရှိခဲ့သူက ၁၂ ဦးရှိတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အပြင်းအထန် ဒဏ်ရာရရှိတဲ့ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး လေးဦးကို ဆမီးဆေးရုံကို ပို့ဆောင်ထားပြီး မတူပီနဲ့ မင်းတပ်ခရိုင်ဆေးရုံတွေကို လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိတ်စာ (၂) နဲ့ (၃) ကျေးရွာက ဒေသခံတွေဟာ မိတ်စာ(၁) ကျေးရွာမှာ ခိုလှုံနေကြတာပါ။
ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကတော့ ပစ်ခတ်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ဖို့ ချင်းပြည်နယ်အစိုးရကို တင်ပြထားသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
“အောက်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ အတည်ပြုလို့ မရလို့ပါ။ အဲမှာ သူတို့က လေကြောင်းနဲ့ တိုက်ခိုက်တာလို့ ပြောတာပဲလေ။ အဲဒါက နှစ်ဘက်တိုက်ပွဲဆိုတော့ ဘာမှတော့ ပြောထားတာမရှိဘူး။ အခု ဒုက္ခရောက်နေသူတွေကို အကူအညီရရှိဖို့အတွက် ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရကိုလည်း တင်ပြထား ပါတယ်။ ဘယ်လိုဆက်လုပ်မလဲဆိုတာကိုလည်း အဲဒီမှာရှိတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေကြားမှာ ရောက်နေတဲ့ ပြည်သူတွေဟာ မြေဇာပင်တွေ ဖြစ်တာကိုး၊ ကျွန်တော်တို့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ပါတယ်။”
ဒီရက်ပိုင်းတိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူ စာရင်းအတိအကျကိုတော့ မသိသေးဘူးလို့လည်း ဆလိုင်းမျိုးထိုက် က ပြောပါတယ်။
မနေ့က မိတ်စာ (၂)နဲ့ မိတ်(၃) ကျေးရွာမှာ တစ်နာရီလောက်ကြာ ပစ်ခတ်မှုတွေအပြီး နောက်ထပ် ထပ်မံ ပစ်ခတ်တာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်မှာလည်း ပလက်ဝမြို့နယ်၊ မိတ်စာကျေးရွာ အနောက်ဘက် တောင်ကြောမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
တိုက်ပွဲတွေနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေကြောင့် ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာက ဒေသခံ ၄၀ လောက် လည်း ရန်ကုန်မြို့ကို ထွက်ပြေးရောက်ရှိနေပါတယ်။
မီးလက်ဝကျေးရွာကတော့ ပလက်ဝမြို့နဲ့ နီးပြီး မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ မိတ်စာကျေးရွာတွေနဲ့က မိုင် ၂၀ ကျော် ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။