ဝက်လက်မြို့နယ် ရွာတော်ရွာ စီးနင်းခံရမှု နေအိမ် ၁၂၀ မီးလောင်ပြီး အရပ်သား သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရွာတော်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက်နေ့ ဝင်ရောက်စီးနင်းမှုမှာ နေအိမ် ၁၂၀ လောက်မီးရှို့ ဖျက်ဆီးခံရပြီး အရပ်သားသုံးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၆၀ လောက်ရှိတဲ့ အဲဒီရွာကို အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းလာချိန်မှာ ဒေသခံအမျိုးသား သုံးဦး သတ်ဖြတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တစ်ယောက်ကတော့ အိမ်ထဲကို မီးရှို့တဲ့အခါမှာ ပါသွားတာဗျ။ ကျန်တဲ့နှစ်ယောက်က အပစ်ခံရတာ။ ပြေးတဲ့အချိန်မှာ သူတို့က လှမ်းပစ်တာ”
အရင်က ရွာထဲမှာ သတင်းရလို့ ဝင်ရောက်ဖမ်းဆီးတာတွေရှိပေမယ့် စစ်ကောင်စီတပ်က အခုလို ရွာကိုစစ်ကြောင်းထိုးဝင်လာတာ ပထမဆုံးအကြိမ်လို့ သူက ဆိုပါတယ်။
ရွာတော်ရွာကို ဝင်ရောက်စီးနင်းနဲ့ အောက်တိုဘာ ၁၉ ရက်နေ့ညမှာတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရွာတော်ရွာကို ဝင်ရောက်စီးနင်းတဲ့ အောက်တိုဘာ ၁၉ ရက် တစ်နေ့တည်းမှာပဲ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ခြမ်းက ရွာတစ်ချို့ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး သပြေရင်း၊ ပဲခင်းကြီးနဲ့ သစ်ရာပင်ရွာသစ် ရွာတွေက နေအိမ် ၁၁ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ ဒေသဖြစ်ပါတယ်။