ပခုက္ကူ တက္ကသိုလ် စာမေးပွဲ အပိတ်ခံထားရသူ ၁၄ ဦး ဖြေခွင့်ရရှိ
2015.09.07
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်လို့ဆိုပြီး စာမေးပွဲ ဖြေဆိုခွင့်ပိတ်ပင်ခံထားရတဲ့ ကျောင်းသား ၃၅ ဦးထဲက ကျောင်းသား ၁၄ ဦးဟာ စာမေးပွဲဖြေဆိုခွင့် ရရှိခဲ့ပါတယ်။
သက်ဆိုင်ရာဘာသာရပ်သင်ကြားတဲ့ ဆရာမကိုယ်တိုင်က သူမှားယွင်းတွက်ချက်တာဖြစ်ကြောင်း ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့တာကြောင့် ပြန်ဖြေခွင့်ရခဲ့တာဖြစ်တယ်လို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။
"ဆရာမက စာကပ်ပြီးမှ သူကိုယ်တိုင်မှားပါတယ်၊ ကျမမှားပြီးတော့ တွက်မိတာပါဆိုပြီးတော့ ဒီဟာကိုပြန် စိစစ်ပေးဖို့ဆိုပြီး ကျောင်းအာဏာပိုင်တွေကို အဆင့်ဆင့်စာတင်ပြီးတော့ ဖြေခွင့်တောင်းတာကနေ ပြီးတော့ ကျောင်းသား ၁၄ ယောက် တစ်ဖွဲ့ဖြေခွင့်ပြန်ရမယ်လို့ အခုသိခဲ့ရတယ်"
ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်တာကြောင့် စာမေးပွဲဖြေဆိုခွင့် ပိတ်ခံရသူတွေထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ဦး ပါဝင်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ စာမေးပွဲစတင်ဖြေဆိုရမှာဖြစ်တဲ့အတွက် စာမေးပွဲဖြေခွင့် အပိတ်ခံရ တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ဖြေဆိုခွင့်ပေးဖို့ စုပေါင်းလက်မှတ်ရေးထိုးပြီး ပညာရေးဝန်ကြီးဌာနကို စာပေးပို့ထားတယ်လို့လည်း သိရပါတယ်။
ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၆၀၀ နီးပါး ပညာသင်ကြားနေကြပါတယ်။