တန်းတူအခွင့်အရေး ကရင်နီ အမျိုးသားနေ့မှာ ဆွေးနွေး
2016.06.21

ဒီနေ့ကျရောက်တဲ့ ၁၄၁ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ကန်ခုနှစ်ဆင့်မှာ ကျင်းပခဲ့ပါတယ်။
လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုဆွေးနွေးသွားမယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် က အခမ်းအနားမှာ ပြောပါတယ်။
"ဒီတိုင်းပြည်မှာ စစ်မှန်သော ပြည်ထောင်စု မတည်ဆောက်နိုင်သမျှ၊ ငြိမ်းချမ်းရေးမရဘူးလို့ ကျနော်တော့ ယုံကြည်ထားတယ်၊ ပြည်ထောင်စုဆိုတဲ့ စကားလေးတစ်ခွန်း၊ ဖက်ဒရယ်ဆိုတဲ့ စကားလေး တစ်ခွန်းရဖို့အတွက် နှစ်ပေါင်းများစွာ ကျနော်တို့ရဲဘော်တွေ အသက်၊ သွေး၊ ချွေး ပေးခဲ့ရတယ်၊ ကျနော်တို့ အခု ၂၁ ရာစုပင်လုံဆိုတာ လာပါတော့မယ်၊ ဒီ၂၁ ရာစုပင်လုံမှာ တိုင်းရင်းသားတွေရသင့်၊ ရထိုက်တဲ့အခွင့်အရေးနှင့်တကွ ဒီပြည်ထောင်စုကြီးကို စစ်မှန်သော ပြည်ထောင်စု တည်ဆောက်နိုင်အောင် ကျနော်တို့ ဆွေးနွေးသွားမယ်"
အခမ်းအနားမှာ ကရင်နီပြည်သမိုင်းကြောင်းကို ကယား၊ ကယန်း၊ ဗမာ စတဲ့ဘာသာစကားသုံးမျိုးနဲ့ ဖတ်ကြားခဲ့ ပါတယ်။
ကရင်နီအမျိုးသားနေ့ကို အရင်က ပြည်တွင်းမှာကျင်းပခွင့်မရဘဲ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့ အကြား ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးတဲ့ ၂၀၁၂ နောက်ပိုင်းမှသာ ပြန်လည်ကျင်းပ ခွင့်ရခဲ့တာပါ။
အခမ်းအနားကို ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ ပြီး ဒေသခံ နှစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။