ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၆ ဦးကို စစ်ကောင်စီက မဲမသမာမှုတွေ ထပ်တိုး

2021.11.16
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၆ ဦးကို စစ်ကောင်စီက မဲမသမာမှုတွေ ထပ်တိုး သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၈၊ မတ် ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: THET AUNG / AFP

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း ၁၆ ဦးကို ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ခဲ့တာကြောင့် ထပ်တိုး အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းတာ မှန်ကန်ကြောင်း ပြသဖို့ အတွက် လက်ရှိ ကော်မရှင်သစ်ရဲ့ ကြံဖန်အပြစ်ရှာတဲ့ အရေးယူမှုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်းခေါင်းဆောင် ၁၆ ဦးကို ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ စွပ်စွဲပြီး စစ်ကောင်စီက အမှုတွေတိုးလိုက်ပါတယ်။

မဲလိမ်၊ မဲခိုးမှုတွေ လုပ်ခဲ့တာကြောင့် နိုဝင်ဘာ ၁၅ ရက်ကစလို့ ထပ်တိုး အရေးယူထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်သစ်က မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။

နောက်အမှုအတိုးခံရသူတွေထဲမှာ သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးနဲ့ နီးစပ်သူတစ်ဦး ကလည်း၊ ဒီခေါင်းဆောင်တွေကို နောက်ထပ် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့ ထပ်တိုး တရားစွဲထားတာ မှန်ကန်ကြောင်း ဒီကနေ့ RFA ကို အတည်ပြု ပြောဆိုပါတယ်။ ပုဒ်မတွေ ဘယ်နှယ်ခု ထပ်တိုးထားသလဲ ဆိုတာကိုတော့ သူက အတိအကျ မပြောပါဘူး။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က၊ ဒီလူအားလုံးကို ရွေးကောက်ပွဲ ကော်မရှင် သစ်ရဲ့ အစီရင်ခံစာအတိုင်း တရားစွဲအရေးယူထားတာဖြစ်ပြီး NLD အစိုးရလက်ထက်က တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အားလုံးကို ဖမ်းထားတယ်လို့ RFA ကို ပြောပါတယ်။

“ပြောရရင်တော့ ဒီဟာတွေကို ကျူးလွန်ခဲ့တဲ့ သူတွေ ရှိမယ်။ ဒီဟာတွေကို ကျူးလွန်ခဲ့ဖို့အတွက် ဖိအားပေးတဲ့သူတွေ ရှိမယ်။ ဒါတွေကို ကျူးလွန်နိုင်ဖို့အတွက် တာဝန်ရှိတဲ့သူတွေ ရှိမယ်။ နံပါတ်တစ် ကတော့ တာဝန်ရှိတဲ့သူ ရှိတယ်။ ကျူးလွန်ဖို့အတွက် ဖိအားပေးခဲ့တဲ့သူ ရှိတယ်။ ကျူးလွန်တဲ့သူ ရှိတယ်။ အဲဒါတွေအတွက် ကျနော်တို့က တရားစွဲဆိုခြင်း ဖြစ်ပါတယ်"

winmyint-zawmyintmg.jpg
(သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တို့ကို ၂၀၂၀၊ ဇူလိုင် ၂၁ ရက်နေ့က တွေ့ရစဉ်)

အဲဒီ ၁၆ ဦးဟာ ကြိုတင်မဲတွေကို မသမာမှုလုပ်ခဲ့တယ်၊ စစ်တပ်မဲရုံတွေမှာ တာဝန်ကျတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းတွေကို ဖိအားပေး နှောင့်ယှက်ခဲ့တယ်၊ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက် မတိုင်ခင် တစ်ရက်အလိုအထိ မဲစာရင်းအမည်သစ်တွေကို ထပ်တိုးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီစွပ်စွဲချက်တွေက လုံးဝယုတ္တိရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ၂၀၂၀ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မဲဆန္ဒရှင်ပြည်သူတွေ အားလုံးက ဒီနည်းလမ်းတွေ၊ ဒီရွေးကောက်ပွဲရဲ့ မဲရေတွက်ပုံတွေ သတ်မှတ်ပုံတွေ ကို သဘောတူပြီးတော့ အဲဒီမှာဝင်ပြီး မဲပေးခဲ့တာ။ နိုင်ငံရေးပါတီတွေကလည်း ဒီဟာကို သဘောတူပြီး တော့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဆိုတော့ အဲဒီအတိုင်း ရေတွက်ပြီးတော့ ရလာတဲ့ရလဒ်ဆိုလို့ ရှိရင်တော့ ဒါအားလုံး သဘောတူပြီးတော့ လက်ခံရမယ့် ရလဒ် ဖြစ်တယ်”

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် အဲဒီအချိန်က ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကသာ အပြီးသတ်အတည်ဖြစ်တာမို့ နောက်တက်လာတဲ့ ကော်မရှင်သစ်ကနေ အရပ်ဘက် တရားရုံးတွေမှာ ထပ်မံတရားစွဲဖို့လုပ်တာဟာ လုံးဝ လုပ်ပိုင်ခွင့်မရှိဘူးလို့လည်း သူက ထောက်ပြဝေဖန်ပါတယ်။

"ဖမ်းထားပြီးလို့ ဆယ်လနီးပါးကြာတော့မှ ပုဒ်မတွေတပ်ပြီး စွဲတင်တဲ့ကိစ္စတွေဟာ တကယ်တော့ ဘာမှကို ယုတ္တိမရှိဘူး"

NLD ပါတီ ဗဟိုကော်မတီဝင် ဦးကျော်ထွေး ကတော့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော် သမ္မတကပဲ ဖွဲ့စည်းပိုင်ခွင့်ရှိတာကြောင့် အခုစစ်ကောင်စီက တိုက်ရိုက်ခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်ရဲ့ လုပ်ဆောင်ချက်တွေက လုံးဝတရားမဝင်ဘူးလို့ RFA ကို ပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ရွေးကောက်ပွဲကော်မရှင်ကို ခန့်ပိုင်ခွင့် တစ်ချက်မှမတွေ့ရဘူး။ ဒါကြောင့်မိုလို့ နဂိုရှိနေတဲ့ ကော်မရှင်ကိုဖျက်သိမ်းပြီး အသစ်ခန့်တာဟာ ဥပဒေနဲ့မညီတဲ့အတွက် ဒီကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကလည်း တစ်ခုမှ တရားဝင်မှာ မဟုတ်ပါဘူး။ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပေါ့နော်၊ သူတို့ပြောပြောနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေကို ‌ပြောတာပါ။ နောက်တစ်ခုက သူတို့ညွှန်းဆိုထားတဲ့ ပုဂ္ဂိုလ်များဟာ အာဏာသိမ်းပြီးတဲ့အချိန်မှာ တစ်ခါတည်း ဖမ်းဆီးခံထားရတဲ့သူတွေ ဖြစ်ပါတယ်။ ဖမ်းထားပြီးလို့ ဆယ်လနီးပါးကြာတော့မှာ ပုဒ်မတွေတပ်ပြီးမှ စွဲတင်တဲ့ကိစ္စတွေဟာ တကယ်တော့ ဘာမှကို ယုတ္တိမရှိဘူးလို့ ပြောချင်ပါတယ်”

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း စစ်ကောင်စီရဲ့ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တိုင်းကို တုံ့ပြန်ချင်စိတ်မရှိပေမယ့် နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းချင်သလိုဖမ်းပြီး ပုဒ်မမျိုးစုံ ထပ်တိုးဖို့ ကြိုးစားနေတာဟာ ပြည်သူ့ဆန္ဒကို ပုံဖျက်စော်ကားနေတာသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ ဒီလုပ်ရပ်ဟာ စစ်ကောင်စီရဲ့ရပ်တည်မှု မှန်ကန်တယ်ဆိုတာကို ပြချင်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြဝေဖန်ပါတယ်။

"ဒီရွေးကောက်ပွဲမှာ မသမာမှုတွေ အဆင်မပြေမှုတွေ အနည်းအကျဉ်းရှိနိုင်ပေမယ့် တစ်ခုလုံးခြုံပြောရရင် ဒါတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ပြောပြီးသားပါ။ အဲဒီရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်း ပြီးတော့ အာဏာသိမ်းလာတဲ့ စစ်ကောင်စီကို စစ်ကောင်စီရဲ့ ရပ်တည်ချက် မှန်ကန်ကြောင်း အတည်ပြုဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဆီလို အပေါက်ရှာပြီးတော့ ကိစ္စတွေ ဖော်နေတာပါပဲ အခုထုတ်ပြန်ချက်ကလည်း အဲဒီသဘောပါပဲ"

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမဲဆန္ဒနယ် ၁၁၁၇ ခုရှိတဲ့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မဲဆန္ဒနယ် ၇၁ နေရာနဲ့ ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်က မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထ စသဖြင့် အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာပဲ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာ သူတွေနဲ့ နိုင်ငံတကာအစိုးရတွေက ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက်အနည်းငယ် ရှိခဲ့ပေမယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။