လက်ပံတောင်းကြေးနီစီမံကိန်း ပြန်လည်ပတ်ခွင့်မပြုကြောင်း PDF ၁၆ ဖွဲ့ ထုတ်ပြန်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမှာမဟုတ်ကြောင်း ဆားလင်းကြီးနဲ့ ယင်းမာပင် မြို့နယ်အတွင်းက ဒေသတွင်းကာကွယ်ရေး ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက် ဒီနေ့ ထုတ်ပြန် ပါတယ်။
လုပ်ငန်းပြန်လည်ပတ်ရင် ဒေသခံအဖွဲ့တွေပေါင်းပြီး စီမံကိန်းကို တိုက်ခိုက်သွားမယ်လို့ Salingyi G-Z Local PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်လလောက်အကြာမှာကတည်းက ကြေးနီ စီမံကိန်း ရပ်နားထားခဲ့ပြီး အခုအလုပ်ပြန်လုပ်မယ်ဆိုပြီး ဒေသမှာ အလုပ်သမားတွေ ပြန်ခေါ်နေတာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ အဲဒီတော့ ဒီလိုကာလမှာ လုပ်ငန်းလည်ပတ်တာကို လက်မခံနိုင်ဘူး၊ ဒီလိုထုတ်ပြန်ချက် ထုတ်ဖို့ အဖွဲ့တွေ အစည်းအဝေး သုံးကြိမ်ခေါ်ပြီး အားလုံးသဘောတူညီချက်နဲ့ ထုတ်ပြန် လိုက်တာ"
တားမြစ်ထားတဲ့ကြားက လုပ်ငန်းခွင်ဝင်ကြလို့ ဝန်ထမ်းတွေ ထိခိုက်လာရင် တာဝန်မယူလို့ ဆိုပါတယ်။
လက်ရှိ ဦးပိုင်ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့သူတွေအနေနဲ့လည်း လာမယ့် မေလ ၅ ရက် နေ့ နောက်ဆုံးထားပြီး CDM လုပ်ဆောင်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီစီမံကိန်းဟာ တိုင်းပြည်အကျိုး၊ ဒေသခံပြည်သူအကျိုးရှိကြောင်း ရှင်းရှင်း လင်းလင်း မချပြမချင်း ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။
ကြေးနီစီမံကိန်းဟာ အနီးနားက ကျေးရွာ ၂၆ ရွာက မြေယာတွေကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။