တရုတ်နိုင်ငံက အကျဉ်းချခံ မြန်မာနိုင်ငံသား ၁၇၀ ကို တရုတ်အာဏာပိုင်တွေ ပြန်ပို့

တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွေ့ကျုံးမြို့ ဟွေ့ရန်အကျဉ်းထောင်မှာ အကျဉ်းချခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကို တရုတ်အာဏာပိုင်တွေက နယ်စပ် မူဆယ်နန်းတော် ဂိတ်ပေါက်ကနေ မြန်မာနိုင်ငံဘက်ကို မေလ ၁၉ ရက် မနေ့က ပြန်ပို့လိုက်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ပြန်ပို့လိုက်တဲ့ လူပေါင်း ၁၇၀ မှာ အမျိုးသား ၁၁၆ ဦးနဲ့ အမျိုးသမီး ၅၄ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ လူပေါင်း ၁၂၀ ကျော်လောက်ဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး ကျန်တဲ့ လူတွေကတော့ အခြားတိုင်းနဲ့ ပြည်နယ်တွေက ဖြစ်ပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ရင်း အဖမ်းခံရသူတွေဖြစ်တယ်လို့ မူဆယ်မြို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ရက်တာဝန်ခံ ကိုဌေးက ပြောပါတယ်။
“ထောင်ကျခဲ့တဲ့သူတွေပေါ့။ တချို့က ငါးလနေခဲ့ရသူတွေပါတယ်။ တစ်နှစ်နေရသူ၊ နှစ်နှစ်နေရသူတွေလည်း ပါတယ်။ အဓိကတော့ ပတ်စ်ပို့မရှိလို့ ဖမ်းတဲ့အမှုပါ။ ဒီနေ့တော့ ကျနော်တို့ သူတို့ နေရပ်တွေကို ပြန်နိုင်အောင် စီစဉ်ပေးနေပါတယ်”
မြန်မာနိုင်ငံသားတွေ အကျဉ်းကျခဲ့တဲ့ ဟွေ့ရန်ထောင်မှာ နောက်ထပ်ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။
နောက်ထပ်လည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ့်သူတွေ ရှိနေသေးတယ်လို့ မူဆယ်ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမန်းမျိုးက ပြောပါတယ်။
“ကွမ်တုံးထဲမှာ ကျနော်တို့ကို အကြောင်းကြားထားတဲ့ သူတွေရှိတယ်ဗျ။ ခက်တာက တရုတ်နိုင်ငံဘက်က ဘယ်တော့ လွှဲမယ်ဆိုတာမပြောဘူး။ ရုတ်တရက် လွှဲ လွှဲလာတာ။ ပြီးရင် တစ်ခါတလေ တရားဝင်ပေါက်ကနေ မဟုတ်ဘဲ ခိုးပေါက်တွေမှာ လာသွန်ချတာ ရှိတယ်။ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံသားဖြစ်လို့ လူမျိုးဘာသာမရွေး လက်ခံကူညီ ပေးနေပါတယ်”
တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ဧပြီလနောက်ပိုင်း နှစ်နိုင်ငံနယ်စပ် ဂိတ်တွေကနေ မြန်မာနိုင်ငံသား သောင်းနဲ့ချီပြီး နေရပ်ပြန်လာခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မကြီးအထိ သွားရောက်အလုပ်လုပ်ပြီး နေရပ်မပြန်နိုင်တဲ့ မြန်မာနိုင်ငံသား အချို့ကတော့ အထောက်အထားမဲ့ နေထိုင်သူတွေအဖြစ် တရုတ်ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံနေကြရတယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
အခုလိုဖမ်းဆီးခံရပြီး တရုတ်အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၆၀၀၀ ထက်မနည်းရှိနေတယ်လို့ မူဆယ်နယ်စပ်က ရွှေ့ပြောင်း အလုပ်သမားတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။