၃ လအတွင်း အကျဉ်းသား ၂ သောင်းနီးပါး လွှတ်ပြီးကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆို

မြန်မာ အစိုးရသစ် အနေနဲ့ အခုနှစ် မေလက ကြေညာခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ၂ သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2011.09.13
asean-wanna-maung-lwin-rosario-305-z အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂ဝ၁၁ ခုနှစ် မေလ ၆ ရက်နေ့က ကျင်းပသည့် အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မစမီ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲအစွန်) နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario (ဝဲမှ ဒုတိယ) တို့ကို စင်္ကာပူနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး တို့နှင့်အတူ တွေ့ရစဉ်။ (Photo: AFP)
AFP

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၈ ကြိမ်မြောက် ညီလာခံမှာ တင်ပြစဉ် အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ၂၀၁၁ မေလ ၁၆ ရက်နေ့မှာ ပထမဆုံး အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး သေဒဏ် ကျနေသူတွေကို တသက်တကျွန်း၊ တခြား အကျဉ်းသား တွေကို တနှစ် ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့တဲ့ အတွက် မေလကနေ ဇူလိုင်လကုန် အထိ အကျဉ်းသား ၂ သောင်းနီးပါး ထောင်တွေနဲ့ အလုပ်ကြမ်း စခန်းတွေကနေ လွတ်လာခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင် ပြောခဲ့ပါတယ်။

အကျဉ်းသား ၂ သောင်း နီးပါး လွှတ်ခဲ့ပြီး ဖြစ်တယ်လို့ အခုလို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား ပေမယ့် အများ ဝေဖန်ထောက်ပြတဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာကို အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိတာဟာ မရိုးမသား ပြောကြားချက်သာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဝေဖန်လိုက်ပါတယ်။

“ဒီနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့က အမှန်ကို အမှန်အတိုင်း လက်ခံဖို့ လိုတယ်ပေါ့။သူတို့ လွှတ်ပေးခဲ့တာက သူခိုး ဂျပိုး ရာဇဝတ်သားတွေ ဖြစ်တယ်။ အဲဒီ ၂ သောင်းကျော်မှာ နိုင်ငံရေး အကျဉ်းသားက ၅၀ ကျော်ပဲရှိတယ်။ ဒါဟာ နိုင်ငံတကာကို မဟုတ်မမှန် ဝါဒ ဖြန့်ချိတဲ့ သဘောတွေပါ။ ဒီလိုမျိုး လုပ်နေသရွေ့အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ တော်တော် ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရကို ယုံကြည်ဖို့ ပိုပြီး ခက်ခဲလာပါလိမ့်မယ်”

ဂျီနီဗာ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင်က အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး လုပ်ဆောင် နေမှုတွေနဲ့ လူ့အခွင့်အရေး ကောင်စီ ၄ နှစ်တကြိမ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သုံးသပ်မှု UPR လုပ်ငန်းစဉ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကြံပြု တိုက်တွန်းချက်တွေ အပေါ် အကောင်ထည် ဖော်ခဲ့ တာတွေကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကြီး ICRC အနေနဲ့ အကျဉ်းထောင်တွေထဲ ပြန်လည် ဝင်ရောက်ခွင့် ရနေပြီး အကျဉ်းထောင် အတွင်း ရေနဲ့ သန့်ရှင်းရေး တိုးတက်အောင် လုပ်ကိုင် ခွင့်ပြု ထားတယ် လို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောကြား ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-13 05:01

လူကြီးလုပ်နေပြီးလူကြီးစကားမပြောဘူးစိတ်ဓာတ်အရမ်အောက်တန်းကျတယ်