ကျောက်တန်းရွာသားတွေ ပစ်ခတ်ခံရမှုမှာ ဒဏ်ရာရသူရှစ်ဦးထဲက တစ်ဦးသေဆုံး


2019.05.14
kyauktan-villagers-622.jpg တပ်မတော်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ၂၀၁၉၊ မေ ၁၄ ရက်နေ့က သေဆုံးသွားခဲ့တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား ကိုအောင်လင်းကျော် ကို တွေ့ရစဉ်
Photo: Tin Htoo Aung

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား ရှစ်ဦးထဲက တစ်ဦးက ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။

သေဆုံးသူ ကိုအောင်လင်းကျော်ဟာ ခါးကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး မိသားစုရဲ့ဆန္ဒအရ ရုပ်အလောင်းကို ရခိုင်ပြည်နယ်ကို ပြန်သယ်ဖို့ လုပ်ဆောင်နေတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က RFA ကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရွာသား ၂၇၅ ယောက်ကို တပ်မတော်က ဧပြီ ၃၀ ရက်နေ့မှာ စတင်ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး မေလ ၂ရက်နေ့ မနက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ခြောက်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ထိန်းသိမ်းစစ်ဆေးခံနေရသူတွေဟာ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ဖို့ ကြိုးစားတာကြောင့် မလွဲှမရှောင်သာ ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့တာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူတွေထဲ တချို့ကတော့ စစ်တွေဆေးရုံမှာ ဆေးကုသနေပြီး လက်ရှိ ရန်ကုန်မှာ ဆေးကုသခံနေသူ နောက်တစ်ဦး ကျန်သေးတယ်လို့ ကိုတင်ထူးအောင်က ပြောပါတယ်။

မေ ၂ ရက်နေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တပ်မတော်က အရာရှိ ငါးဦး ပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းပေးထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကျောက်တန်းကျေးရွာသားတွေကို မေ ၃ ရက်နေ့က ၁၂၆ ယောက်၊ မေ ၆ ရက်နေ့က ၄၈ ယောက်၊ မေ ၈ ရက်နေ့က ၃၅ ယောက်၊ မေ ၁၁ ရက်နေ့မှာ ၂၁ ယောက်နဲ့ မေ ၁၃ ရက်နေ့မှာတော့ နောက်ဆုံး ကျန်တဲ့သူအားလုံးကို လွှတ်ပေးလိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။