မတ္တရာမှာ ဒေသခံ ၂၀ ကို စစ်ကောင်စီတပ်က ဆက်ဖမ်းထား

RFA Burmese
2023.02.10
မတ္တရာမှာ ဒေသခံ ၂၀ ကို စစ်ကောင်စီတပ်က ဆက်ဖမ်းထား မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာအား တွေ့ရစဉ်။
Madaya We Love

မန္တလေးတိုင်း မတ္တရာမြို့နယ် မာရဘင်ရွာက ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖော်ဝါရီလ ၁၀ ရက် ဒီနေ့ထိ ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေသခံ ၄၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေ အပါအဝင် လူတချို့ကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးခဲ့ပေမယ့် ဒီနေ့ထိ ဒေသခံ ၂၀ လောက်က ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်ဦးလွင်ခရိုင် (ပ.က.ဖ) ကောင်းကင် တပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မတ္တရာမြို့နယ် ပိုဝမြောက်ရွာမှာ ခုခံတိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ နောက်ထပ် အင်အား ၇၀ လောက်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အရပ်သားတွေကို ဖမ်းခေါ်လာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပိုဝမြောက်ရွာကို စစ်ကြောင်းရောက်လာတဲ့အချိန် ကျနော်တို့က တိုက်ခိုက်တာပေါ့။ အဲဒီမှာ သူတို့အထိနာတော့ နောက်ထပ် စစ်ကူလာတယ်။ စစ်ကူလာတဲ့အဖွဲ့က အရပ်သားတွေကို စစ်သားတွေနဲ့ရောပြီး သုံးယောက်တစ်တွဲ ငါးယောက်တစ်တွဲ ခေါ်လာတာ။ ပြည်သူလေးဆယ်ကျော်ကို ဓားစာခံလုပ်ပြီးတော့ လာကယ်ထုတ်တာပေါ့။ လက်နက်ကြီး၊ လက်နက်ငယ် အကုန်ပြင်ထားတဲ့အချိန် ပြည်သူတွေပါနေတော့ ကျနော်တို့တပ်ဖွဲ့တွေ နောက်ဆုတ်ပေးလိုက်တယ်”

ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တောပုနဲ့ မာရဘင်ရွာတွေမှာ တပ်စွဲထားပြီး စစ်ကြောင်းလှုပ်ရှားတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ ပိုဝမြောက်ရွာနုဲ့ မာရဘင်ရွာက နှစ်မိုင်လောက် ကွာဝေးပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် အကြောင်းမပြန်ပါဘူး။

မာရဘင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၉ ရက် မနေ့က အနီးပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဆင်ကုန်းရွာက ပဲမှော်တိုက်ပေါ် လက်နက်ကြီးကျပြီး ပဲမှော်တိုက်နဲ့ နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဆင်ကုန်းရွာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး လယ်ယာသုံး ကျွဲနွားတွေ ထိမှန်သေဆုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။