တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည် ၂၀၀ ခန့် မိုင်းရှူးမြို့ပေါ် သွားရောက်ခိုလှုံ
2015.11.11

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးနဲ့ကျေးသီးမြို့နယ်အစပ် ဝမ်ဆော့ကျေးရွာအနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးလောက် မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
ဝမ်ဆော့ကျေးရွာက ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မိုင်းရှူးမြို့ပေါ်က ရပ်ကွက် ၃ ခုက ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတယ်လို့ မိုင်းရှူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြောပါတယ်။
"ဝမ်ဆော့ဘက်ကလူတွေလည်း ကျနော်တို့ဆီကို ပြောင်းလာတာရှိပါတယ်၊ ဝမ်ဆော့ဘက်က ၁၈ဝ လောက်ရောက် တယ်၊ အဲ့တော့ ကျနော်တို့နေရာ ထိုင်ခင်းလုပ် ထားပေးပြီးပြီ၊ ရပ်ကွက် ၄ မှာထားပါတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေကြောင့် ဝမ်ဆော့ရွာမှာ ဒုက္ခသည် ၁၀၀၀ ကျော်လောက် ရှိနေပြီး မနေ့က တိုက်ပွဲတွေဆက်ဖြစ် ခဲ့တာကြောင့် ဒုက္ခသည်တွေလည်း ဆက်မနေရဲကြတော့တဲ့အတွက် အခုလို မိုင်းရှူးမြို့ပေါ်ကို ရောက်လာတာလို့ ပြောပါတယ်။ မိုင်းရှူးမြို့ပေါ်မှာ အရင်ရှိပြီးသား ဒုက္ခသည်တွေနဲ့ မနေ့က ထွက်ပြေး လာကြသူတွေနဲ့ဆိုရင် စုစုပေါင်း ဒုက္ခသည် ငါးရာကျော် လောက်ရှိနေပြီလို့ ပြောပါတယ်။
ဝမ်ဆော့ရွာက နောက်ထပ်ဒုက္ခသည်တချို့ဟာလည်း ကျေးသီးနဲ့ လဲချားမြို့တွေဆီကို ပြောင်းရွှေ့ထွက်ပြေးနေ ကြရတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ တစ်လကျော်ကြာ ရှိနေပြီဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေ နေထိုင်ရေးအတွက် လုပ်ဆောင်ထားမှုအခြေအနေတွေကို မိုင်းရှူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။