ဖွဲ့စည်းပုံမူကြမ်း ဆုံးဖြတ်ချက်ကို တပ်က ကန့်ကွက်
2020.02.10
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အခန်းကဏ္ဍကို လျှော့ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ မူကြမ်းတွေအပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းအားလုံးကို တစ်ပေါင်းတည်း ဆွေးနွေးဖို့ ဥပဒေကြမ်းလေ့လာစိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တပ်မတော် သားကိုယ်စားလှယ် နှစ်ဦး က ဒီကနေ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက တင်ပြထားတဲ့မူကြမ်း ငါးခု၊ NLD ဦးဆောင်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက တင်ပြလာတဲ့ မူကြမ်း နှစ်ခု၊ စုစုပေါင်း ခုနှစ်ခုလုံးကို တစ်ပေါင်းထဲ ဆွေးနွေးဖို့ ဥပဒေကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီက ဆုံးဖြတ်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြလာပါတယ်။
ဒီဆုံးဖြတ်ချက်ကို တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက လက်မခံဘဲ သူတို့တင်ပြထားတဲ့ မူကြမ်း ငါးခုကို သီးခြားစီ ဆွေးနွေးခွင့်ပြုဖို့ မတ်တပ်ရပ် တောင်းဆိုခဲ့ပေမယ့် လွှတ်တော်နာယက က ပယ်ချခဲ့ပါတယ်။
ကန့်ကွက်သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဒီဆုံးဖြတ်ချက်ဟာ တခြားအစုအဖွဲ့တွေတင်ပြထားတဲ့ ပြင်ဆင်ရေး အချက်တွေကို မှေးမှိန် ပျောက်ကွယ်ပြီး NLD ပါတီရဲ့ ပုံရိပ်တက်လာအောင် လုပ်တဲ့သဘော ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
"ပထမရက် ဆုံးဖြတ်ထားတာနဲ့ ခုနောက်ရက် ဆုံးဖြတ်တာကွဲလွဲနေပါတယ်။ ဒါကြောင့် ဒါကို ကွဲလွဲပြီးတော့မှ ဒီလိုလုပ်လို့ မရဘူးဆိုတာကို ထောက်ပြခြင်းဖြစ်ပါတယ်။ အားလုံးပဲကြားတဲ့ အတိုင်းပဲ နာယက အနေနဲ့ကတော့ ဖွဲ့စည်းပုံ ပြင်တာပဲဖြစ်တဲ့အတွက် ဒီလိုပဲ လုပ်ပါမယ်ဆိုပြီး ပြောသွားတာ ဖြစ်တဲ့အတွက် မှားယွင်းနေတယ်၊ ကွဲလွဲနေတယ်၊ ရှေ့နေ မညီညွတ်ဘူးဆိုတာကို ထောက်ပြခြင်းဖြစ်ပါတယ်။ သူတို့က ဘာလဲဆိုတော့ ဒါပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အတွက် NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့ လုပ်တယ်ဆိုတာကို သူတို့ ပုံရိပ် Image ကို ယူတာဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်သားတွေရော၊ ပြည်ခိုင်ဖြိုး ပါတီကလည်း တင်ထားတာရှိတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေဟာ သူတို့ရဲ့ ၄၅ ဦး အောက်ထဲမှာ ထည့်သွင်းပြီးတော့ ပျောက်သွားအောင်လုပ်တဲ့ သဘောဖြစ်နေပါတယ်။"
ဒီလို အခြေအနေတွေ ရှိပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဥပဒေမူကြမ်းတွေကို ဆွေးနွေးဖို့ အမည်စာရင်းပေးမယ်လို့ပြောပါတယ်။
လာမယ့် ဖေဖဝါရီလ၁၇ ရက်နေ့မှာ ဥပဒေမူကြမ်းပါ ပုဒ်မတွေကို စတင်ဆွေးနွေးဖို့ အမည်စာရင်း ပေးနိုင်တယ်လို့ လွှတ်တော် နာယက က ကြေညာခဲ့ပါတယ်။
NLD ပါတီ ဦးဆောင်တဲ့ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီက တင်ပြတဲ့ ဥပဒေမူကြမ်းထဲမှာ ပုဒ်မပေါင်း ၁၄၂ ချက်ပါဝင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)-ပုဒ်မ ၆ ပုဒ်မခွဲ (စ) “နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍာမှာ တပ်မတော်က ပါဝင်ထမ်းဆောင်ရေးကို အစဉ်တစိုက်ဦးတည်တယ်” လို့ ဖော်ပြထားချက်ကို ပြည်သူ့ဆန္ဒနဲ့ညီညွတ်မှသာဆိုတဲ့ စကားလုံး ထည့်သွင်းပြီး ပြင်ဆင်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဖို့ တားဆီး ပိတ်ပင်ထားတယ်လို့ ဝေဖန်ကြတဲ့ ပုဒ်မ ၅၉ စ ကို အပြီး ပယ်ဖျက်ဖို့လည်း ဥပဒေကြမ်းမှာ ပါဝင်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုမယ့် အရေးပေါ် အခြေအနေပေါ်ပေါက်ရင် တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များနဲ့အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့်ရှိတယ်ဆိုတဲ့ နေရာမှာ သမ္မတရဲ့ တာဝန်ပေးချက်အရဆိုတဲ့ စကားလုံးကို အစားထိုး ပြင်ဆင်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်၊ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ်စိုးကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်အပေါ် အဓိပ္ပါယ်ကောက်ယူမှု ကွဲလွဲနေတယ်လို့ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ပြောကြားချက်ကို တုံ့ပြန်ပါတယ်။
"အနက်အဓိပ္ပါယ်ကို အကောက်အယူလွဲနေတာ၊ ဥပဒေအသုံးအနှုန်းဆိုတာ အင်မတန်မှ တိကျတယ်။ အင်မတန်မှတိကျတဲ့ ဥပဒေအသုံးအနှုန်းတွေကို တချို့တချို့သော ကိုယ်စားလှယ်တော်ကြီးများ၊ တချို့တချို့သော အစုအဖွဲ့များကကြတော့ လိုရာအနက်ကို ဆွဲကောက်နေတာပေါ့နော်။ သီးခြားစီ အပြိုင်ဆိုတာက စိစစ်ဖို့ကိုပဲပြောတာ။ တင်သွင်းဖို့တွေ၊ ဆွေးနွေးဖို့တွေ မဟုတ်ဘူး။ ဥပဒေက ပြင်တဲ့ဥပဒေက တစ်ခုတည်းပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ Base Line တစ်ခုထဲ ရှိတဲ့အတွက်ကြောင့်မလို့ အဲဒါကို ဘယ်လိုလုပ်ခွဲတင်မတုန်း၊ ခွဲတင်ရင် ခုနပြောသလိုပေါ့ ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ အရှေ့က ဟာက၊ နောက်တစ်ခုက တတိယ၊ စတုတ္ထ၊ နောက်တစ်ခုက ပဉ္စမ အဲလိုတွေနဲ့ အကုန်ရှုပ်ထွေးသွားမှာပေါ့။"
NLD ဦးဆောင်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းထဲမှာ “ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်”ဆိုတဲ့ ပုဒ်မ(၂၀) ပုဒ်မခွဲ(ဂ) ကို အပြီးပယ်ဖျက်ဖို့လည်း ဖေါ်ပြထားပါတယ်။
အခြေခံဥပဒေပုဒ်မ ( ၄၀ ) ပုဒ်မခွဲ ( ဂ ) မှာ အရေးပေါ်အခြေအနေ ပေါ်ပေါက်လာရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီနေရာမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်လိုက်ပြီး “အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အာဏာကို သမ္မတက ဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြု ဆုံးဖြတ် ဆောင်ရွက်ရမည်”လို့ အစားထိုးထားပါတယ်။
လွှတ်တော် လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI အမှုဆောင် ဒါရိုက်တာဦးအေးကျော်ကတော့ ငြိမ်းချမ်းရေးမရသေးဘဲ တပ်မတော်က နိုင်ငံရေးက ထွက်ခွာမှာ မဟုတ်ဘူးလို့ပြောပါတယ်။
"တချိန်မှာတော့ ကျနော်တို့က တပ်မတော်ကို မဖြစ်မနေ နိုင်ငံရေးကနေ လျှော့ချဖို့၊ ဖြစ်နိုင်ရင် လုံး၀ ဝင်မပါဖို့အထိ သွားကိုသွားရမှာပဲလေ။ အဲလိုသွားဖို့ဆိုရင် တစ်ဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်လာတာနဲ့အမျှတော့ လျှော့ချတဲ့ လုပ်ငန်းတွေ၊ နိုင်ငံရေးကနေ တပ်မတော်ကို ဖယ်ထုတ်တဲ့ လုပ်ငန်းတွေ အောင်မြင်လာမယ်လို့ ထင်တယ်ဗျ။ ဒီကြားထဲမှာ သိပ်မထင်ဘူး။ တပ်မတော်ကလည်း အဲဒါကိုပဲ အကြောင်းပြပြီးတော့ နိုင်ငံရေးထဲမှာ မူလရှိရင်း အတိုင်းဆက်ရှိနေဖို့ နည်းမျိုးစုံနဲ့ ကြိုးစားမယ်လို့ ထင်တယ်။"
လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ ဥပဒေမူကြမ်းထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးအကြီးဆုံး ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ ( က )နဲ့( ခ )ကို ပြင်ဆင်ထားတာလည်း တွေ့ရပါတယ်။
ပုဒ်မ ၄၃၆( ခ) ပြင်ဆင်ချက်မှာ ပုဒ်မ ၄၃၆ ( က ) မှာဖော်ပြထားတဲ့ ပြဌာန်းချက်တွေမှအပ တခြား ပြဌာန်းချက်တွေကို ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ ကျော်ထောက်ခံ ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ပြောင်းလဲပြင်ဆင်ထားပါတယ်။