လားရှိုးမြို့က ဖွဲ့စည်ပုံ ပြင်ဆင်ရေးထောက်ခံပွဲ တိုင်းရင်းသား ဘာသာစကားနဲ့ ဟောပြောခွင့်မရ
2019.05.11

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲကို လားရှိုးမြို့မှာ ဒီနေ့ မနက်က ကျင်းပရာမှာ တိုင်းရင်းသား ဘာသာစကားနဲ့ ဟောပြောခွင့် မရခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ယုံဟော် မြို့မအားကစားကွင်းမှာ ဒီနေ့ကျင်းပတဲ့ ဆန္ဒပြပွဲကို ကြိုတင်ခွင့်ပြုချက် လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် ပြန်ချပေးရာမှာ ဒေသဆိုင်ရာ လိုအပ်ချက် စည်းကမ်းအရ ဗမာစကား ဗမာစကားလုံးကလွဲပြီး ကျန်တဲ့ စကားတွေ အသုံးမပြုရဆိုတဲ့ အချက်ပါဝင်တာကြောင့် တိုင်းရင်းသားဘာသာစကားနဲ့ ဟောပြောခွင့်မရခဲ့တာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးထွေးအောင်ကျော် RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားအများစုဟာ သူတို့တိုင်းရင်းသားဘာသာစကား ပြောကြသလို ရှမ်းစကားကို အများစုက နားလည်ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောကြပြီး ဆန္ဒပြပွဲမှာ တိုင်းရင်းသား ဘာသာစကားနဲ့ ဟောပြောခွင့်မရတာကို မကျေနပ်သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးထွေးအောင်ကျော်က တိုင်းရင်းသားဘာသာစကားနဲ့ ဟောပြောခွင့် ကန့်သတ်ခံရတာကြောင့် တက်ရောက်လာတဲ့ တိုင်းရင်းသားတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး နားလည်အောင် ရှင်းပြခွင့်မရခဲ့ကြောင်း ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ရှမ်း၊ ကချင်၊ ပလောင်၊ လီဆူ၊ ကိုးကန့်တိုင်းရင်းသားတွေ၊ ဂေါ်ရခါး လူမျိုးတွေ အပါအဝင် လူဦးရေ ငါးရာကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။