အထွေထွေရွေးကောက် ပွဲ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည်


2015.07.08
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပ မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီး ကော်မရှင်အဖွဲ့ ခွဲတွေထံကိုလည်း အကြောင်းကြားလိုက်ပါတယ်။

ကော်မရှင်ရုံးချုပ်က အကြောင်းကြားလာတာနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းစိန်က RFA ကို အခုလို ပြောပါတယ်။

"နိုဝင်ဘာ ၈ ရက်နေ့ လုပ်မယ်လို့ပြောတယ်၊ နှုတ်နဲ့တော့ တယ်လီဖုန်းဆက်ထား တာရှိတယ်၊ စာနဲ့တော့ မရောက်သေးဘူး"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ ဝင်၊ မဝင်၊ ဒီလ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ပါတီ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ကြေညာမယ်လို့ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရခဲ့ရင် တခြားပုဂ္ဂိုလ်တွေနဲ့အတူ အစိုးရဖွဲ့နိုင်ပါတယ်၊ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေး အဆို ရှုံးနိမ့်ခဲ့ဲပီး၊ တပြည်လုံးမဲစာရင်းတွေကလည်း အမှားအယွင်းတွေ ဖြစ်နေ ချိန်မှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကို ကြေညာခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်ကတော့ အမှားပြင်ဆင်ဖို့ အချိန်တွေရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။

တစ်နိုင်ငံလုံး မဲပေးနိုင်သူ ဦးရေ သန်း ၃၀ ဝန်းကျင် ရှိပါတယ်။ မဲဆန္ဒနယ်မြေ ၁၁၇၁ ခု ရှိရာမှာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ ခုနဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ ခုရှိတယ်လို့ ကြေညာထားပါတယ်။ လက်ရှိ တရားဝင် မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီ ၈၃ခု ရှိပြီး၊ အနည်းဆုံး မဲဆန္ဒနယ်မြေ ၃နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

The Wall Street Journel သတင်းမှာတော့ ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ အများ အပြားဖိတ်ကြားထားတာ ထူးခြားတယ် လို့ ဖေါ်ပြထားပါတယ်။

ဒီအတွင်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းတာ၊ စိစစ်တာ၊ ရုပ်သိမ်း တာတွေနဲ့ ပတ်သက်တဲ့နေ့ရက်တွေကို လည်း မနေ့က ကြေညာခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင် သွင်းနိုင်တဲ့ နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ၊ အမည်စာရင်း ရုပ်သိမ်းနိုင်တဲ့ နောက် ဆုံးရက်ကို သြဂုတ်လ ၁၁ ရက်၊ အမည်စာရင်း တင်သွင်းလွှာ တွေ စိစစ်မယ့် ရက်ကို သြဂုတ်လ ၁၁ ရက်နေ့ ကနေ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ ဒုဝန်ကြီးတွေ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်တရား သူကြီး၊ အခြေခံဥပဒေ ခုံရုံးဆိုင်ရာ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်း ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်၊ စာရင်းစစ်ချုပ် ဒုစာရင်းစစ်ချုပ် ၊ ရာထူးဝန်အဖွဲ့ဥက္ကဌနဲ့ အဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၈ ရက်နေ့က စပြီး၊ အခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ၁၂၁ ပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံရေးလုပ်ငန်းတွေဆောင်ရွက် ခွင့်ရှိတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။