ရွေးကောက်ပွဲအစီအစဉ်အတွက် ညှိနှိုင်းဖို့ ပါတီတချို့ လိုလား

ကျော်လွင်ဦး
2020.05.05

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားတစ်ခု တည်းနဲ့ မဆုံးဖြတ်ဘဲ နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့ တေ့ွဆုံဆွေးနွေးပြီးမှ ဆုံးဖြတ် သင့်တယ်လို့ ပါတီခေါင်းဆောင်တွေ၊ လေ့လာသူတွေက တိုက်တွန်းလိုက်ပါတယ်။


တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်နေရချိန်ဖြစ်တာကြောင့် ရွေးကောက်ပွဲ ကျင်းပသင့်၊ မကျင်းပသင့်ကို ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ၈၈ ကျောင်းသားအများစု ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။

“တစ်နိုင်ငံလုံးက စိန်ခေါ်မှုရင်ဆိုင်နေရတဲ့ အနေအထားမျိုးမှာ ရွေးကောက်ပွဲ ကျင်းပသင့်တယ်၊ မကျင်းပသင့် ဘူးဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သူတစ်ဦးတည်းသဘောဆန္ဒနဲ့ ဆုံးဖြတ်တာမျိုးမဟုတ် ဘဲ အားလုံးရဲ့အရေးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်သင့်တယ်”

၂၀၁၀ နဲ့ ၂၀၁၅ အထွေအထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာပဲ ကျင်းပခဲ့တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကိုလည်း နိုဝင်ဘာလကုန်မှာ ကျင်းပဖို့ လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တွေက နိုင်ငံပိုင်မီဒီယာတွေကတဆင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

လက်ရှိတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်နေရချိန်ဖြစ်တာကြောင့် ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို တကယ်ထိန်းချုပ်နိုင်မှသာ ရွေးကောက်ပွဲကို စဉ်းစားသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“တစ်နိုင်ငံလုံးက စိန်ခေါ်မှုရင်ဆိုင်နေရတဲ့ အနေအထားမျိုးမှာ ရွေးကောက်ပွဲ ကျင်းပသင့်တယ်၊ မကျင်းပသင့်ဘူးဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သူတစ်ဦးတည်းသဘောဆန္ဒနဲ့ ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ အားလုံးရဲ့အရေးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ အပါအဝင် ဆက်စပ် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်သင့်တယ်”

လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရတဲ့အတွက် ပြည်သူတွေဟာ စားဝတ် နေရေးအကြပ်အတည်းကို ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးနိုင်တယ်လို့လည်း သုံးသပ် ကြပါတယ်။

“တိုင်းရင်းသားအားလုံး ပါဝင်မှု၊ ပြည်သူလူထုအားလုံး ပါဝင်မှုဆိုတာ ဖြစ်နိုင်မှုအလားအလာ နည်းတယ်၊ အခု စား၊ ဝတ်၊ နေရေးကိစ္စကို တော်တော်လေး ရုန်းကန်နေကြရတယ်၊ အခြေခံလူတန်းစားတွေမှာ တော်တော်ကြီး ဒုက္ခရောက်နေပါတယ်၊ အဲဒါတွေကို တာဝန်ယူမှု တာဝန်ခံမှုမရှိပဲနဲ့ ရွေးကောက်ပွဲ တစ်ခုတည်းကိုပဲ ဦးတည် လုပ်မယ်ဆိုရင် ပြီးပြည်စုံတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် ပြောသွားတာပါ။

ဒီကပ်ရောဂါကာလအတွင်း တောင်ကိုးရီးယားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့နမူနာ ရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း ကျင်းပနိုင်မယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တောင်ကိုးရီးယားရဲ့ ဖွံ့ဖြိုးမှုမှာ နှိုင်းယှဉ်လို့မရဘဲ တောင်ကိုရီးယားလို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ လက်ရှိ မြန်မာပြည်ရဲ့ ပြင်ဆင်မှုအရ မဖြစ်နိုင်ဘူးလို့ ကန့်ကွက်သူတွေလည်း ရှိပါတယ်။

ဒီအခြေအနေတွေကြားထဲမှာ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် မညီမျှမှုတွေရှိနိုင်ပြီး ကော်မရှင်အပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာမယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“လက်ရှိလုပ်နေတဲ့ ပြင်ဆင်ပုံမျိုးနဲ့ အစီအမံနဲ့ ကပ်ရောဂါကာလာမှာရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုလို့ ရှိရင် မဲပေးတဲ့ လူဦးရေ အင်မတန်နည်းမယ်၊ ရွေးကောက်ပွဲ ပတ်ဝန်းကျင် မညီမမျှဖြစ်မယ်၊ သဘောက တော့ဗျာ ဘယ်သူတွေက မဲဆွယ်စည်းရုံးခွင့် ရမလဲပေါ့၊ နိုင်ငံရေးပါတီတွေ အားလုံးက မဲထွက်ဆွယ်လို့ မရတဲ့အတွက်ကြောင့်မို့လို ဒီတိုင်းပဲနေနေမယ်၊ ဒါပေမဲ့ အာဏာရပါတီကတော့ သတင်းမီဒီယာတွေမှာ သူတို့လုပ်ငန်းတွေကို ဖော်ပြမယ်၊ ဒါတွေက ရွေးကောက်ပွဲ ပတ်ဝန်းကျင် မညီမမျှဖြစ်မှာပေါ့ဗျာ၊ လုပ်မယ် ဆိုရင်လည်း ရွေးကောက်ပွဲ စံချိန်စံနှုန်းတွေအရ မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်သွားမယ်”

ဒီကပ်ရောဂါအန္တရာယ် ကြုံတေ့ွနေရချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လူစုလူဝေးနဲ့ မဲဆွယ်ဟောပြော ရမယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်အခြေအနေ၊ မဲဆန္ဒရှင်တွေ မဲစာရင်းကြည့်ရှုစစ်ဆေးခွင့် အပါအဝင် အခက်အခဲတွေ အတော်များများ ကြုံတေ့ွရနိုင်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာဆိုရင် မဲဆန္ဒနယ်တိုင်းကို သွားရောက်ခွင့်၊ ပြည်သူတိုင်းကို မဲဆွယ်စည်းရုံးခွင့် ရနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှုလည်း ရှိနေပါတယ်။

ဒီအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“အခုလက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုကြီးထွားလာတာ အားလုံးအသိပဲဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာရော၊ ချင်းပြည်နယ်မှာရော၊ အခြားဒေသတွေမှာ စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲကို တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပမယ်ဆိုတာ မဖြစ်နိုင်ဘူး၊ အားလုံးတဖြည်းဖြည်း ကျင်းပဖို့ဆိုရင် ဒီလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းသွားအောင် အရင်ကြိုးပမ်းဖိ့ု လိုအပ်ပါတယ်”

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာမယ့် ၂၁ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေး မယ်လို့  ကြေညာထားပါတယ်။

လက်ရှိ နိုင်ငံရေးပါတီ တစ်ရာနီးပါးရှိပြီး အားလုံးနီးပါး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။