အစိုးရဘက်ရပ်တည်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို Facebook ငြင်းဆို

ကျော်လွင်ဦး
2020.10.09

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ အစိုးရနဲ့ အာဏာရပါတီကို ဝေဖန်တဲ့အရေးအသားတွေကို ဖြုတ်ချနေသလို ပြိုင်ဘက်နိုင်ငံရေးပါတီတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တာတွေရှိတယ်လို့ နိုင်ငံရေးပါတီတချိုနဲ့ သတင်းမီဒီယာတချို့က ဝေဖန်ထောက်ပြနေပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ခွဲခြားမှုမရှိဘဲ ဘယ်သူမဆို မူဝါဒနဲ့အညီ Facebook ပလက်ဖောင်းမှာ ရေးသားဖော်ပြခွင့်ရှိတယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များနေတာကြောင့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေကို အားပြုပြီး မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲ ကတိကဝတ်တွေ ဟောပြောတာတွေ ပြုလုပ်ရပါတယ်။

ဒီအချိန်မှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကလည်း နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေနဲ့ ပတ်သက်လို့ အမြင်သဘောထားသုံးသပ်ချက် ပို့စ်တွေ ရေးသားတဲ့အခါ လက်ရှိအာဏာရပါတီကို ဝေဖန်တာတွေနဲ့ ပတ်သက်ရင် ဖေ့စ်ဘွတ်ခ်က ဖြုတ်ချတာတွေ၊ တင်ခွင့်မပေးတာတွေ၊ ပြိုင်ဘက်နိုင်ငံရေးသမားတွေရဲ့ အရေးအသားတွေကို ခွင့်ပြုမပေးတာတွေကြောင့် ခွဲခြားဆက်ဆံနေသလိုဖြစ်နေတယ်လို့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က ဝေဖန်ထောက်ပြကြပါတယ်။

ပြည်သူ့ပါတီရဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနေယံဦးက ရွေးကောက်ပွဲကာလမှာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဘာမှရေးသားဖော်ပြလို့မရသလို သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ကမာရွတ်မြို့နယ် ကိုယ်စားလှယ် စာမျက်နှာကနေလည်း ကြေညာတာကို ဖေ့စ်ဘွတ်ခ်က ခွင့်မပြုဘူးလို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

“ရွေးကောက်ပွဲကာလမှာဆိုရင် ကျနော် မဲဆွယ်စတဲ့နေမှာပဲ ကျနော်ပေ့ချ်မှာ စာတွေပုံတွေ၊ ဗီဒီယိုတွေ ဘာဆိုဘာမှတင်လို့ မရဘူး၊  မဲဆွယ်စည်းရုံးရေးကာလ တွေဆုံဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန်မှာလည်း အစိုးရကို ဝေဖန်တာနဲ့ Block လုပ်တာရှိတယ်၊ နောက်ဆုံးတစ်ခုအနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကမာရွတ်ကို ဦးတည်ပြီး Boot လုပ်ချင်လည်း လုပ်လို့မရဘူးဆိုတာတွေ ရတယ်ဗျ၊ ကျနော်တို့ ရေးတဲ့စာတွေကို လူတွေဆီ ပေးမပြတာ၊ community standard ကိုက်ညီရဲ့သားနဲ့ ဖြုတ်ချတာတွေက တော်တော်လေး ဆိုးတယ်လို့ ခံစားရပါတယ်”

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်ကလည်း ပြည်ထောင်စု ရာထူးဝန်ကိစ္စနဲ့ပတ်သက်လို့ အစိုးရကို ဝေဖန်ရေးသားတာတွေ၊ ပုံတွေကိုလည်း ဖြုတ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့အပြင် ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းတချို့လည်း ဖေ့စ်ဘွတ်ခ်က ခွဲခြားဆက်ဆံခံနေရပြီး မျှတမှုမရှိဘူးလို့ ခံစားရကြောင်း ကိုနေယံဦးက ပြောပါတယ်။

အလားတူ ရွေးကောက်ပွဲမတိုင်ခင် ၂ လလောက်ကတည်းက နိုင်ငံရေးစာပေတွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့အင်တာဗျူးတွေကို လူတွေဆီရောက်အောင် အခကြေးငွေသုံးပြီး ကြေညာရာမှာ ဖေ့စ်ဘွတ်ခ်က ခွင့်မပြုဘူးလို့ သတင်းမီဒီယာတချို့က ထောက်ပြပါတယ်။

ခေတ်ရနံ့မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇော်မင်းကျော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ဝေဖန်တဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေရဲ့ အင်တာဗျူးတွေကို ဖေ့စ်ဘွတ်ခ်က ကြေညာခွင့်မပေးတာကို ကြုံခဲ့ရပါတယ်။

“လက်ရှိအစိုးရအပေါ် အားနည်းချက်တွေ ဝေဖန်ထောက်ပြတာမျိုးဆိုရင် လုံးဝမရတာ သေချာတယ်၊ ဥပမာအားဖြင့် ကျနော်တို့ ကော်မရှင်နဲ့ ပတ်သက်လို့ ဝေဖန်တယ်၊ နောက်တစ်ခုက တခြားတိုင်းရင်းသား ပါတီတွေကနေပြီးတော့ အင်တာဗျူးတွေလုပ်တဲ့အခါမှာ သူတို့တွေကြုံနေရတဲ့ မြေပြင်အခက်အခဲတွေ ကော်မရှင်နဲ့ပတ်သက်တာရှိတယ်၊ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တာရှိတယ်၊ အဲဒါမျိုးတွေကို ဝေဖန်လို့လည်း မရဘူးဗျ၊ အဲဒါမျိုးတွေ ထောက်ပြတဲ့ အင်တာဗျူးတွေဆိုရင် Boost လုပ်ရင် ပယ်ချခံရတယ်ဗျ”

ဦးဇော်မင်းကျော် ပြောပြချက်အရ ဝေဖန်ထောက်ပြတဲ့ မေးမြန်းချက်တွေအပြင် ပြည်သူ့ပါတီရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မွန်ညီညွတ်ရေးပါတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီချင်းဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီခေါင်းဆောင်တွေနဲ့ မေးမြန်းချက်တွေကိုလည်း ဖေ့စ်ဘွတ်ခ်က လူအများဆီရောက်အောင် ကြေညာခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

အရင်က ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တစ်ခုကို လူအများဆီရောက်ဖို့ Boost လုပ်မယ်ဆိုရင် နာရီဝက် -တစ်နာရီသာကြာပေမယ့် အခုနောက်ပိုင်း ၂၄ နာရီ နဲ့ ၇၆ နာရီထိ ကြာလေ့ရှိပြီး အများစုကို လက်မခံဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လကစပြီး တိုင်းရင်းသားအရေးကိစ္စနဲ့ အစိုးရအပေါ် ဝေဖန်တဲ့သတင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာခွင့်မရဘူးလို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဇေယျာလှိုင်က ပြောပါတယ်။

မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဇေယျာလှိုင် က NLD အစိုးရလက်ထက်မှာ ဆိုရှယ်မီဒီယာ စောင့်ကြည်ရေးအဖွဲ့ကို ငွေကျပ် ၆၄ ဘီလီယံအသုံးပြု ဆောင်ရွက်နေပြီး ဒီအဖွဲ့က Facebook နဲ့ ပေါင်းပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ချိုးဖောက်နေသလားဆိုတာ သံသယဖြစ်နေပါတယ်။

“အဲငွေတွေနဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ပေါင်းပြီးလုပ်နေတယ်ဆိုရင်တော့ အာဏာရပုဂ္ဂိုလ်တွေက လူထုငွေတွေသုံးပြီး သူတို့အာဏာတည်မြဲရေးအတွက် သူတို့နဲ့ ဆန်ကျင်ဘက်တွေ သူတို့ကို ဝေဖန်တိုက်ခိုက်တဲ့အသံတွေကို ရပ်စဲအောင်လုပ်ခြင်းဟာ ဒီမိုကရေစီအသက်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အတားအဆီးဖြစ်စေတာပေါ့၊ ဒါဆိုရင်တော့ စိုးရိမ်စရာပေါ့လေ၊ ဒါပေမဲ့ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ကျနော်ထင်တယ် ဆိုရှယ်မီဒီယာ စောင့်ကြည်ရေးအဖွဲ့ကိုလည်း ပွင့်လင်းမြင့်သာမှုရှိဖို့ မေးထားဖို့လိုမယ်၊ ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လို့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလည်းပေ့ါ၊ ဖေ့စ်ဘွတ်ခ်လည်း မေးဖို့လိုတယ်”

အစိုးရက ဖွဲ့စည်းထားတဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည်ရေးအဖွဲ့နဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိ၊ မရှိကို RFA က ဒီနေ့ မေးမြန်းရာမှာတော့ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဘယ်အဖွဲ့နဲ့မှ ပူးပေါင်းဆောင်ရွက်တာ မရှိဘူးလို့ ငြင်းပါတယ်။

အာဏာရပါတီနဲ့ အစိုးရအပေါ် ဝေဖန်မှုရေးသားတာတွေကို Facebook က လက်မခံဘဲ အစိုးရဘက် ရပ်တည်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ကန့်ကွက်ပါတယ်။

“ဖေ့စ်ဘွတ်ခ်ကတော့ ဘာအစိုးရနဲ့မှ မပေါင်းပါဘူး။ ပေါင်းချင်တိုင်းလည်း ပေါင်းလို့မရပါဘူး။ ဖေ့စ်ဘွတ်ခ်က သူ့မူနဲ့သူ သွားနေတာပါ။ အဲဒါကတော့ မဟုတ်ပါဘူး”

ဖေ့စ်ဘွတ်ခ်ပေါ်မှာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်မရဘဲ ခွဲခြားဆက်ဆံခံနေရတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ ဘယ်ပါတီ၊ ဘယ်သူ့ကိုမဆို တန်းတူအခွင့်အရေး ပေးထားတယ်လို့ ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်က ချမှတ်ထားတဲ့ မူဝါဒနဲ့ကိုက်ညီရင် ဘယ်သူ့ကိုမဆို လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူမူဝါဒရေးရာ ဒါရိုက်တာ Rafael Frankel က ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်က ပါတီတစ်ခုတည်းအတွက် မဟုတ်ပါဘူး၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ် အားလုံးအသုံးပြုနိုင်တဲ့ Open ပလက်ဖောင်းဖြစ်ပါတယ်၊ အားလုံးပါဝင် အသုံးပြုနိုင်ပါတယ်။ ဒီပလက်ဖောင်းမှာ အသုံးပြုနေတဲ့ ဘယ်ပါတီကို အခွင့်အရေးပေးတယ်၊ ပိုပြီးတော့ အခွင့်အရေးပေးတယ်ဆိုတာ မရှိပါဘူး၊ ဘက်လိုက်တယ်ဆိုတာမျိုး မရှိပါဘူး၊ လူတိုင်း လူတိုင်း ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့နိုင်ငံရေးအရ သူတို့ ထင်မြင်ယူဆချက်တွေ၊ သဘောထားတွေကို အကုန်လုံး ဒီအပေါ်မှာ ဆွေးနွေးနိုင်တယ်၊ ဖေ့စ်ဘွတ်ခ်က ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်၊ ဘယ်မှဘက်လိုက်ခြင်း မရှိတဲ့ နေရာဖြစ်ပါတယ်၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်စားလှယ်လောင်းပဲဖြစ်ဖြစ် ပါတီပဲဖြစ်ဖြစ် အပြင်ကလူပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီးတော့ သူတို့ရဲ့ သဘောထားအမြင်တွေကို မျှဝေနိုင်ပါတယ်၊ ဖေ့စ်ဘွတ်ခ်ကသတ်မှတ်တဲ့ လူမှုစံနှုန်းက အကုန်လုံးအပေါ်မှာ တပြေးညီ သက်ရောက်ပါတယ်”


ဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ သမာသမတ်ရှိအောင် ကျင်းပနိုင်ဖို့ ပြင်ဆင်နေသလို လုပ်ငန်းတိုးချဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွက် ဖေ့စ်ဘွတ်ခ်က သီးသန့်အဖွဲ့တစ်ခုဖွဲ့ပြီး မဲပေးတာနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ မဲဆန္ဒရှင်တွေဆီ ရောက်ရှိဖို့လမ်းညွှန်ပေးတာ၊ သတင်းအမှားတွေကို ဖယ်ရှားပေးတာနဲ့ ပျံ့နှံ့မှုမရှိအောင် လျော့ချတာ၊ အမုန်းစကားဖြစ်စေတဲ့ အရေးအသားတွေကို ရှင်းလင်းနေတယ်လို့လည်း ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၀ သာ လိုတော့တဲ့ ဒီနေ့မှာ ဖေ့စ်ဘွတ်ခ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲမှာ ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် တိုက်ခိုက်တာတွေကို ဖယ်ရှားဖို့ ပြင်ဆင်ထားတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူမူဝါဒရေးရာဒါရိုက်တာ Rafael Frankel က ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်ကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီးတော့ သူတို့ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မသာမာတဲ့နည်းတွေနဲ့ တားဆီးနှောင့်ယှက်တာတွေကို ကာကွယ်ပေးမယ့် မူဝါဒရှိပါတယ်၊  နောက်တစ်ခုက သတင်းအမှားပေါ့နော်၊ သတင်းအမှားနဲ့ ပတ်သက်ပြီး သတင်းတွေဟာ အပြင်မှာလည်း အန္တရာယ်ရှိတယ်၊ အလားအလာရှိတဲ့ သတင်းအမှားတွေကိုလည်း ခုချိန်မှာ အားလုံးကို ဖယ်ရှားပေးနေပါတယ်၊ ဘာသာရေးနဲ့ဆိုင်တဲ့ ယုံကြည်မှုတွေကို ခုတုံးလုပ်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်၊ ဥပမာပြောရမယ်ဆိုရင် ငါက အစ္စလာမ်ကို မုန်းတယ်၊ အဲလိုမျိုးပြောတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးနေပါတယ်၊ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့သူတွေ နိုင်ငံသားအခွင့်အရေးမရတဲ့သူတွေ အဲလိုမျိုးတွေကို အသုံးချပြီးတော့ ပြောထားတဲ့အကြောင်းအရာတွေကိုလည်း ဖယ်ရှားပေးနေတယ်၊ ရိုဟင်ဂျာ မရှိဘူး၊ သူတို့က တရားမဝင် ကျူးကျော်ဝင်ရောက်သူတွေ အဲလိုအသုံးအနှုန်းတွေနဲ့ ပြောတဲ့အကြောင်းအရာတွေကို ဖယ်ရှားပေးနေတယ်”

မြန်မာနိုင်ငံမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ကန့်သတ်ဖို့ နိုင်ငံတကာ အချက်အလက်စိစစ်ရေးကွန်ရက် အသိအမှတ်ပြု လက်မှတ်ရထားတဲ့မိတ်ဖက်အဖွဲ့ ၄ဖွဲ့နဲ့ လက်တွဲလုပ်ကိုင်နေပြီး အချက်အလက်စစ်ဆေးတာ၊ သတင်းအချက်အလက်အမှားဖြစ်ကြောင်း သတိပေးစာတွေကို မြန်မာဘာသာနဲ့ ပြသတာတွေ တိုးချဲ့လုပ်ကိုင်နေတယ်လို့ ဖေ့စ်ဘွတ်ခ်က ကြေညာထားပါတယ်။

၂၀၂၀ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း အမုန်းစကာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာ ၂ သိန်း ၈ သောင်းကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့ပါတယ်။

----------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။