ကျောင်းကုန်းက USDP အောင်မြေနှစ်ခု NLD လက်ထဲရောက်
2020.11.10

၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆက်တိုက် အောင်နိုင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တို့ကို ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ လက်လွှတ်လိုက်ရပါတယ်။
အဲဒီမဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေက မဲအများဆုံး ရရှိခဲ့တယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၀ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ် ဒေါက်တာလှဝင်းက မဲ ၁၃၀၀၀ နီးပါး အသာနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနေရာကို လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း က နှစ်ကြိမ် ဆက်တိုက်ရယူခဲ့တာပါ။
ကျောင်းကုန်းမြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာကို လက်ရှိ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ခဲ့တာပါ။
ဒီမဲဆန္ဒနယ်ကို USDP ကဒေါက်တာထိန်ဝင်းက နှစ်ကြိမ်ဆက်တိုက် နိုင်ထားခဲ့တာဖြစ် ပြီး ဒီတစ်ကြိမ်မှာတော့ NLD ကိုယ်စားလှယ်လောင်းက မဲ ၄၄၀၀ ကျော်အသာ နဲ့ နိုင်သွားတာပါ။
ကျောင်းကုန်းမြို့နယ် ရဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို လက်ရှိ NLD ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးခင်မောင်ဇော်ကပဲ ပြန်အနိုင်ရပါတယ်။
ဧရာဝတီတိုင်းထဲက အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် မဲရလဒ်ကို တွက်ချက် နေဆဲပါ။ မြို့နယ်အားလုံး ပေါင်းပြီးမှ ထုတ်ပြန် ပေးသွားမယ်လို့ ကော်မရှင်က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ လက်ရှိအချိန်အထိ ကြံခင်းနဲ့ ကျောင်းကုန်းမြို့နယ်ရဲ့ အချက်အလက်တွေ ကိုသာ အတည်ပြုပေးထားပြီး ကျန်မြို့နယ်တွေကိုတော့ စိစစ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)