ကပ်ဘေးကန့်သတ်ချက်ကြောင့် ဧရာဝတီတိုင်းက အမတ်လောင်းတွေ အခက်ကြုံ

စိုးသိမ်း
2020.10.05

ကပ်ဘေးကာလ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ အကန့်အသတ်တွေကြောင့် ဧရာဝတီတိုင်းထဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ်လောင်းတွေ အခက်ကြုံနေကြရပါတယ်။

Stay at Home အမိန့်ကြောင့် မဲဆွယ်ဆိုင်းဘုတ် စိုက်ထူတာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေလောက်သာ ပြုလုပ်နေရပြီး ရပ်ကွက်တွေ၊ ကျေးရွာတွေထဲ ဝင်လို့မရတဲ့နေရာတွေ ရှိတယ်လို့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဦးက ပြောပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဖြစ်ပေမယ့် သူ့ရဲ့ ပြိုင်ဘက် ရှစ်ဦးကတော့ မိခင်နိုင်ငံရေးပါတီ အသီးသီး ရှိကြတယ်လို့ ပြောပါတယ်။

“ပါတီကြီးတွေက ပြောရမယ်ဆိုရင် သူတို့ရဲ့ ရပ်ကျေးရုံးတွေ ရှိပြီးသားလေ၊ ရုံးတွေမှာ သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့တွေနဲ့ ဆက်စပ်ပြီး လိုက်စည်းရုံးနေလို့ ရတာပဲလေ။ ဒီမှာ တစ်သီးပုဂ္ဂလကျတော့ ကိုယ့်အောင်နိုင်ရေးအဖွဲ့လည်း မရှိဘူး၊ ရုံးလည်း မရှိတဲ့အခါကျတော့ ရွာတွေကို ကိုယ်တိုင်ဆင်းရမယ့် အခါကျတော့ ဆင်းလို့ မရတဲ့အခါကျတော့ တိုင်ပတ်သွားတယ်။ အဲဒီမှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြောရမယ်ဆိုရင် စည်းရုံးခွင့်တော့ ပေးထားတယ်၊ စည်းရုံးလို့ မရဘူးဖြစ်နေတယ်”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးရာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်တွေ နဲ့ သက်ဆိုင်ရာက အချိန်ကာလ၊ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာအမိန့်တွေ၊ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ သတိပေးထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တို့မှာ Stay at Home အမိန့် စတင်အသက်ဝင်တာပါ။

၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူ ၁၆ ဦးရှိပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ခြောက်ဦး၊ အမျိုးသားလွှတ်တော်အတွက် တစ်ဦးနဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေ တွေ့နေရပေမယ့် ကျန်းမာရေးဌာနရဲ့ စည်းကမ်းအတိုင်း လိုက်နာလှုပ်ရှားတယ်လို့ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)  ကိုယ်စားလှယ်လောင်း ဦးသန်းအေးက ပြောပါတယ်။

ဥပဒေအတိုင်ပင်ခံလုပ်ငန်း တည်ထောင်ထားတဲ့ ဦးသန်းအေးက ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နေရာမှာ ပါတီ (၅) ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်အရွေးခံမှာပါ။

“သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ကရော၊ ပြည်ထောင်စုကော်မရှင်ကရော  ဒို့ကို တိုက်ရိုက် စာပို့ထားတာရှိတယ်။ တကယ်လို့ ဒို့ကို အဝင်မခံဘူးဆိုရင် ကော်မရှင်ကို တိုင်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ဒါက နိုင်ငံနှင့် အဝှမ်းလုပ်နေတဲ့ အလုပ်ကိုး၊  ဒို့က နာခံဖို့ဆိုတာက ကျန်းမာရေးဌာနက ဒို့ကို ညွှန်ကြားထားတာတွေရှိတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းအတိုင်း ဒို့ လုပ်ပေးရလိမ့်မယ်။ Mask တပ်သွားတာတို့ ဘာတို့၊ ညာတို့ပေါ့“

မဲဆွယ်စည်းရုံးရေး အခက်ကြုံနေရတဲ့အတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တိုင်းကော်မရှင်အဖွဲ့ခွဲထံ စာတင်ပြ တောင်းဆိုထားပါတယ်။

ဧရာဝတီတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို က ဖြစ်နိုင်ရင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးစေချင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အားလုံးက Stay at Home ပေါ့နော် ၊ ပုသိမ်မှာပဲ နေထိုင်လျက်ရှိပါတယ်။ ကိုယ့်ဒေသတွေကို သွားချင်ပေမယ့် မသွားဖြစ်ဘဲ ဖြစ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အားလုံးပေါင်း ၁၀ ယောက်လောက် ရှိပါတယ်။ အဲဒီအတွက်ကို လျှော့နိုင်ရင်လျှော့ပေးပါလို့ စာတော့ တင်ပြီးသွားပြီ။ ဒါပေမဲ့ ခွင့်မပြုရင်တော့ ဒီတိုင်းပဲ ပုသိမ်မှာ နေရုံပဲ ရှိပါတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး”

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့် ကတော့ ကပ်ဘေးကာလ စည်းကမ်းအတိုင်း ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရမယ်လို့ ပြောပါတယ်။ ပါတီတချို့ တင်ပြတာကိုတော့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက အတည်ပြုပြောပါတယ်။

ဧရာဝတီတိုင်းထဲက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ညွှန်ကြားချက်တွေနဲ့အညီ မဲဆွယ်စည်းရုံးနေတယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးသိမ်းဆွေ က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ပါတီ ၂၂ ခုနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း အားလုံးပေါင်း ၅၄၂ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။