ရခိုင်မြောက်ပိုင်းက ကျေးရွာပေါင်း ၃၀ ကျော်မှာ မဲစာရင်းမကပ်နိုင်


2020.08.06
rakhine-election-622.jpg ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး။
Photo: Ni Min Tun/RFA

ရခိုင်မြောက်ပိုင်းဒေသ မြို့နယ် ငါးခုက ကျေးရွာအုပ်စု ၁၅ ခုက ကျေးရွာပေါင်း ၃၆ ရွာမှာ မဲစာရင်းမကပ်နိုင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဒီနေ့ ပြောပါတယ်။

လုံခြုံရေးအခြေအနေအပါအဝင် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာတွေကြောင့် အဲဒီရွာတွေမှာ မဲစာရင်းမကပ်နိုင်တာဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ကျေးရွာအုပ်စုတစ်ခုတည်းက တစ်စုတစည်းတည်း ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မဲစာရင်းကပ်နိုင်ပေမယ့် မြို့နယ်အသီးသီး၊ နေရာအသီးသီးကနေ ပြန့်ကြဲရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ကတော့ သူတို့ရဲ့မဲစာရင်းတွေကို မူလမြို့နယ်ကရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကြည့်ရှုနိုင်တယ်လို့လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကပြောပါတယ်။

မဲစာရင်း မကြေညာနိုင်တဲ့ဒေသတွေကတော့ မြောက်ဦးမြို့နယ်က ဘုရားကြီး၊ ဘူးရွက်မညှိုး၊ ဝေသာလီ၊ ဘောင်းဒွတ်၊ ကျောက်တော်မြို့နယ်က မီးဝ၊ မွန်ထောင့်၊ ထောင့်ချေ၊ တင်းမ၊ မျောက်တောင်၊ မင်းပြားမြို့နယ်က အဝ၊ ဖုန်သာဝ၊ ဘူးသီးတောင်မြို့နယ်က သရက်ပြင်၊ စံဂိုးထောင်၊ စပါးထားနဲ့ အမ်းမြို့နယ်က ဒါးလက်အုပ်စုတို့ ဖြစ်တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ဦးရေ ဆယ့်ခြောက်သိန်းကျော်ရှိပြီး မနေ့က သြဂုတ်လ ၅ ရက်နေ့အထိ နေရာအသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့လျှောက်ထားသူ ၂၃၂ ဦးရှိတယ်လို့ သိရပါတယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲစာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ကနေ လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ ကြေညာပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။