ဒေသတွင်းပါတီတွေကိုသာ မဲပေးကြဖို့ ကယားလူငယ်တွေ လှုပ်ရှား
2020.07.28
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်သူတွေအနေနဲ့ ဒေသခံကယားပါတီတွေကိုပဲ ဦးစားပေးမဲပေးကြဖို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက လှုပ်ရှားနေကြပါတယ်။
သူတို့တွေဟာ ၂၀၁၅ တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အပြတ်သတ် အားပေးထောက်ခံခဲ့ ကြသူတွေဖြစ်ပါတယ်။
NLD ကို တိုင်းရင်းသားရေးဆောင်ရွက်မယ်လို့ ယုံကြည်ပြီး ၂၀၁၅ တုန်းက မဲပေးခဲ့ပေမယ့် လက်တွေ့မှာ လူထုကို ဆန့်ကျင်နေတာကြောင့် ဒေသခံပါတီတွေကို ဝန်းရံဖို့ ဆုံးဖြတ်ထားကြတယ်လို့ ကရင်နီပြည်မျိုးနွယ်စုလူငယ် ဦးဆောင် ကော်မတီက ကိုနန်းရီက RFA ကို ပြောပါတယ်။
“၂၀၁၅ တော့ လူငယ်တော်တော်များများလည်း NLD ကို အားကိုးကြတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီပေါ့။ အဲဒီလိုပဲ နောက်ဆုံးအခြေအနေက မဲပေးဖို့အထိ ဝန်းရံခဲ့ကြတယ်။ သို့ပေမယ့် လက်ရှိ သူတို့ အာဏာရလာတဲ့အချိန် ပြန်ကြည့်ပြန်တော့ လက်ရှိအခြေအနေအရဆိုရင် အခက်အခဲတွေ အများကြီး ရှိတယ်။ အခက်အခဲတွေဆိုတာထက် လူငယ်တွေ မကြိုက်တဲ့ဟာတွေ၊ လူထုတွေ မကြိုက်တဲ့ဟာတွေ ဖြေရှင်းပေးလားဆိုတော့ သူတို့တွေ မဖြေရှင်းပေးဘူး”
ဒေသခံပါတီတွေကို ဝန်းရံကြမယ့်မူကို ၂၀၂၀ မတ်လတုန်းက ကျင်းပခဲ့တဲ့ ကရင်နီပြည်နယ် လူမျိုးစုလူငယ်ထု တွေ့ဆုံပွဲမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ ဦးဆောင်ကော်မတီကို မျိုးနွယ်စု ၆ ခုဖြစ်တဲ့ ကယားလူမျိုးစုလူငယ်၊ ကယောလူမျိုးစုလူငယ်၊ ကယန်းလူမျိုးစုလူငယ်၊ ကော်ယော်လူမျိုးစုလူငယ်၊ ယင်းတလဲလူမျိုးစုလူငယ်နဲ့ ကရင်လူမျိုးစုလူငယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
နောက်ထပ် ကယန်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကယန်းဒေသဘက်တွေမှာ အဓိက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အသိအမြင်ဖွင့်သင်တန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကယန်းအမျိုးသမီး အစည်းအရုံးလည်း ကယန်းအမျိုးသားပါတီကိုပဲ ဝန်းရံသွားဖို့ရှိနေပါတယ်။
“တိုင်းရင်းသားပါတီလို့ ပြောတဲ့နေရာမှာလည်း အနီးစပ်ဆုံး ကယန်းအမျိုးသားပါတီနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကျမတို့ အဓိက ဝန်းရံသွားဖို့ရှိတယ်”
၂၀၁၅ ရွေးကောက်ပွဲတုန်းက ကယန်းအရပ်ဖက်အဖွဲ့အစည်းတွေက NLD ဟာ တိုင်းရင်းသားအရေး အလေးထားမယ်ယူဆပြီး သူတို့ရဲ့မဲတွေကို NLD အတွက် ပုံအောခဲ့ကြပါတယ်။ အာဏာရလာချိန်မှာတော့ ကယန်းတွေကြုံရတာက ဖိနှိပ်မှုတွေလို့ မူလားကော်ရက်တီက ပြောပါတယ်။
“ပြီးခဲ့တဲ့ သက်တမ်းမှာ NLD ကို အဓိက ကျမတို့ ထောက်ခံခဲ့တယ်။ မျှော်လင့်ချက်အများကြီးနဲ့ ထောက်ခံခဲ့တယ်။ အထူးသဖြင့် တိုင်းရင်းသားတွေဖက်မှာ သူတို့ရပ်တည်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့၊ မျှော်လင့်ချက်နဲ့ ကျမတို့က ဝန်းရံပေးခဲ့ကြတယ်။ ဒါက ကျမတို့ ကယန်းအမျိုးသမီးတစ်ဖွဲ့မှ မဟုတ်ဘူး။ ပြည်သူတွေ အကုန်လုံးလည်း အဲဒီစဉ်းစားချက်နဲ့ ဝန်းရံခဲ့တယ်။ အခြားအသင်းအဖွဲ့တွေလည်း အဲလို ဝန်းရံခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒါနဲ့ လုံးဝဆန့်ကျင်တာပေါ့နော်”
ကယားလူထု ကန့်ကွက်တဲ့ကြားထဲက လွိုင်ကော်က ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာတွေ၊ ဆန္ဒပြ ကျောင်းသားတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ၊ တရားစွဲထောင်ချတာတွေကြောင့် ကယား အရပ်ဖက်အဖွဲ့အစည်းတွေက NLD က တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ် အလ်ဖောင်းရှိုကို အမျိုးသား သစ္စာဖောက်လို့ စွပ်စွဲကြတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၀ မှာ ဒေခံပါတီတွေ အနိုင်ရခဲ့ရင် ကိုယ့်တိုင်းရင်းသားအချင်းချင်း ပိုပြီးတော့ အားမနာစတမ်း ဝေဖန်ထောက်ပြမှုတွေ လုပ်လို့ရမယ်လို့လည်း ကယန်းလူငယ်တွေက ယုံကြည်နေကြပါတယ်။
ဒေသအခြေစိုက်ပါတီတွေ အစိုးရယန္တရား၊ လွှတ်တော်ကဏ္ဍတွေမှာ စိုးမိုးထားနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ကယားနိုင်ငံရေး လေ့လာသုံးသပ်တဲ့ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဒါရိုက်တာ နော်ဖောဝါးက ပြောပါတယ်။
“ဘာဖြစ်လဲဆိုတော့ သူက ဒေသအခြေစိုက်ပါတီဖြစ်တဲ့အတွက် သူက တခြားကိုသွားမှာ မဟုတ်ဘူး။ ပြည်နယ်ဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ အခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေကို သူတို့ ပိုပြီးသိတယ်။ ဒီတိုင်းရင်းသားဒေသအလိုက်ပါတီတွေသာ အစိုးရ ယန္တရား၊ လွှတ်တော်ကဏ္ဍမှာ ရောက်လာမယ်ဆိုရင် လက်ရှိနိုင်ငံတော်အစိုးရကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပိုမိုထိရောက်သလို တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ခရီးလမ်းကိုလည်း ပိုမိုသွားနိုင်မယ့် လမ်းတစ်ခုလို့ ကျမတို့က မြင်တယ်ပေါ့နော်”
NLD ဟာ ယယန်းတိုင်းရင်းသားတွေရဲ့သမိုင်းဖြစ်တည်မှုကို လေးစားသမှု မပြဘူးလို့ ကရင်နီပြည်လူငယ်များ သမဂ္ဂ(UKSY) အထွေထွေအတွင်းရေးမှူး မူအန်းဂျလာက ပြောပါတယ်။
“တိုင်းရင်းသား အခွင့်အရေးချိုးဖောက်မှုဟာတွေ ကျမတို့ ဓလေ့ထုံးတမ်း မြေယာဥပဒေ လက်သင့်မခံနိုင်တဲ့ အရာတွေဖြစ်နေတဲ့ ကျမတို့ ကရင်နီပြည်ရဲ့ အမျိုးသားသမိုင်းတွေကို လက်သင့်မခံတာတွေ အသိအမှတ် မပြုတာတွက အများကြီးဖြစ်နေတယ်ပေါနော် အဲဒါကြောင့်မို့လို့ ဒီပြဿနာတွေဖြစ်နေရတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ တိုင်းရင်းသားအခွင့်အရေးကို အသိအမှတ်မပြုဘူး တိုင်းရင်းသားတွေဖြစ်တည်မှုကို အလေးမထားဘူးဆိုတဲ့ဟာမျိုးပေါ့နော် နောက်ပြီးတော့ လေးစားမှုမရှိဘူးဆိုတဲ့ဟာ အဲဒီအချက်ကြောင့်ဖြစ် တယ်ပေါ့”
၂၀၂၀ မှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကယား ပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုဟာ မယ်စဲ့မဲဆန္ဒနယ်က ဝင်ပြိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရွေးကောက်ပွဲကိစ္စတွေကို ဘာမှမှတ်ချက်မပေးလိုဘူးလို့ ပြောထားပါတယ်။
“ကျနော်တို့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ကျနော်တို့တာဝန်ရှိတဲ့ အဖွဲ့ချုပ်ရဲ့ တာဝန်ပေးထားတဲ့ အထက်မြန်မာမှာ တစ်ယောက် အောက်မြန်မာမှာ တစ်ယောက် ဒါက သူတို့ကိုပဲ မေးမှဖြစ်ပါတယ်။ သူတို့ကပဲဖြေကြားပေးမှာ ဖြစ်ပါတယ်”
ကယားလူငယ်ထုကြားမှာ အထူးသဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး NLD ကို မကြိုက်ကြတာကို သတိပြုမိတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံက မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။
“တကယ်ရွေးကောက်ပွဲမှာကတော ဒေသတချို့ပဲ ရုန်းကန်ရမှာ၊ ဒေသတော်တော်များများမှာတော့ လက်ရှိ NLD အစိုးရကပဲ အနိုင်ရမယ်လို့ ကျနော်ကတော့ ယူဆထားပါတယ်”
၂၀၂၀ မှာမဲပေးမယ့် ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရွာမှာနေထိုင်တဲ့ ဒေါ်ဘောမြာကတော့ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်ကြည့်ပေးမယ့် ကိုယ်စားလှယ်လောင်းကိုပဲ မဲထည့်ချင်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲမှာ ကျမတို့ ရွာသူ၊ ရွာသားတွေအတွက် ပြန်ကြည့်ပေးနိုင်မယ့် သူမျိုးကို ရွေးချင်ပါတယ်။ အဲလိုပဲ နားလည်ပါတယ်။ ဘယ်ပါတီကို ထည့်ရမယ်ဆိုတာတော့ အားဘယ်မှာများလဲဆိုတာတော့ မလေ့လာရသေးတော့ ဘယ်သူ့ကို မဲထည့်ရမလဲဆိုတာတော့ သေချာမသိသေးပါဘူး”
လူငယ်အသင်းအဖွဲ့တွေ အရပ်ဖက်အဖွဲ့အစည်းတွေ တိုင်းရင်းသားပါတီကို ထောက်ခံတဲ့အပေါ် ကြိုဆိုကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၃၄ ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ( ၂၆ ) နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) ( ၇ ) နေရာနဲ့ တသီးပုဂ္ဂလ ( ၁ ) နေရာတို့ အနိုင်ရရှိခဲ့ပါတယ်။