ကရင်ပြည်နယ်မှာ တစ်သီးပုဂ္ဂလ ၂၃ ဦး ရွေးကောက်ပွဲဝင်မည်

စောညွန့်သောင်း
2020.09.10

လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၃ ယောက် ရှိပါတယ်။

ကရင်ပြည်နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် စုစုပေါင်း ၃၆ နေရာမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၃ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လှိုင်းဘွဲမြို့နယ်၊ ပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း စောသက်နိုင်(ခ)မူလျာဝေါ်က လက်ရှိ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားမရတဲ့အတွက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလို့ ပြောပါတယ်။

“တစ်သီးပုဂ္ဂလ ဘာကြောင့်လူတွေက ကျနော့်အထင်တော့ ဝင်ပြိုင်ရတာလဲဆိုတော့ လူတွေအားလုံးက သတ္တိရှိလာတယ်။ အခုအုပ်ချုပ်တဲ့ လူတွေကို အားမရတာလည်းပါတယ်။ အုပ်ချုပ်တဲ့ သူတွေလည်း ပြည်နယ်အတွက် မဖြေရှင်းနိုင်တာတွေ အများကြီးရှိတယ်။ဒါကြောင့် အားမရတဲ့အတွက် ပြည်နယ်အတွက် ဝင်ပြိုင်တယ်”

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာရှိတဲ့အထဲက အားလုံးနီးပါးမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေ ဝင်ရောက်ယှဉ်ပြိုင်တာပါ။

ဘားအံမြို့နယ်က မဲဆန္ဒရှင်ပြည်သူတစ်ဦးဖြစ်တဲ့ စောရောနီကလည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်မှုအပေါ် အခုလိုမှတ်ချက်ပေးပါတယ်။

“သူတို့ တစ်သီးပုဂ္ဂလတွေ အခုလိုဝင်ရောက်ယှဉ်ပြိုင်မှု များလာရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၅ နှစ် သက်တမ်းမှာ အစိုးရ လုပ်တာကိုင်တာတွေ အားမရတဲ့ အခြေနေတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒါကြောင့်မိုလို့ သူတို့တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ပြည်နယ် ငါတို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေ ဖြည့်ဆည်းရမယ့်အပိုင်းတွေ၊ လွှတ်တော်ထဲမှာ တင်သွင်နိုင်အောင်ဆိုပြီးတော့ သူတို့ သူတို့အရွေးခံခြင်း လည်းဖြစ်တယ်။ ဒါကြောင့်မိုလို့ တစ်သီးပုဂ္ဂလတွေ အပြည့်အ၀ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်တယ်လို့ အဲလိုပဲ သူတို့ရဲ့ ရည်ရွည်တာပါပဲ ထင်တယ်”

ကရင်အမျိုးသားများဒီမိုကရက်တစ်ပါတီ(KNDP) ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ စောရဲဝင်းနိုင် က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်မှုကို ကြိုဆိုပါတယ်။  
“တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ကြတာတော့ ဒီမိုကရေစီအညီပါပဲလေ။ ဘာဖြစ်လဲဆိုတော့ ကျန်တဲ့ ပါတီတွေကိုတော့ သူတို့တွေ အားမရမှုတွေ ရှိနေမယ်နဲ့တူတယ်။ ကောင်းပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မယ်ဆိုရင်တော့ ကိုယ့်မူဝါဒနဲ့ ကိုင်စွဲထားပြီးတော့ ပြည်သူတွေကို သူတို့က ဘာတွေလုပ်ပေးမလဲ ဆိုတာကိုတော့ ချပြပေးတာကတော့ ကောင်းပါတယ်”

နိုင်ငံရေးလုပ်တာဟာ အကြီးမားဆုံးသော ပရဟိတ လုပ်ငန်းလို့ ခံယူထားတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဒေါက်တာ နော်ယုဇနဝင်းက ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အရွေးခံမယ့်သူပါ။

“ကျမရဲ့ နိုင်ငံရေးခံယူချက်က နိုင်ငံရေးဟာ အကြီးမားဆုံးသော ပရဟိတလုပ်ငန်းဖြစ်တယ်။ ပြီးတော့ နိုင်ငံရေးဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ကျမက ခံယူထားတယ်။ နိုင်ငံရေးမှာ လွှတ်တော် ကိုယ်စား လှယ်တွေ လိုအပ်တယ်။ ကျမက ဌာနေပြည်သူတွေရဲ့အသံကို ဖော်ဆောင်ပေးဖို့ အခုလို ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်တယ်။ နိုင်ငံရေးမှာကတော့ ကိုယ်ယုံကြည်ရာဖြစ်တယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဝင်ရောက်အရွေးခံရခြင်းအပေါ်မှာ တစ်ဦးချင်းဆီမှာ တစ်ဦးချင်းဆီအလိုက် ရည်ရွယ်ချက်တွေရှိမယ်လို့ ကျမထင်ပါတယ်။ ဒီအပေါ်မှာ ကျမက ဘာမှတ်ချက်မှ မပေးလိုပါဘူးရှင်”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အယောက် ၂၀ ယှဉ်ပြိုင်ခဲ့ကြ ပေမယ့် အနိုင်ရခဲ့သူ မရှိပါဘူး။

၂၀၁၅ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ လက်ရှိကရင်ပြည်နယ် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၃ ယောက်၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ယောက်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သုံးယောက်၊ ကရင်ပြည်သူ့ပါတီက တစ်ယောက် စုစုပေါင်း ၂၃ ယောက် ရှိပါတယ်။

လွှတ်တော်ထဲမှာ ပါတီနောက်ခံရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ အဆိုတွေအပေါ် ထောက်ခံမှုရဖို့ အားနည်းနိုင်တာကြောင့် မိတ်ဖက်တွေ ရအောင်ကြိုးစားဖို့ လိုအပ်တယ်လို့ ကရင်ပြည်နယ် ၈၈ ကျောင်းသားမျိုးဆက် အဖွဲ့က ဦးမြင့်အောင်က တိုက်တွန်းပါတယ်။

“ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလောင်းတွေကို ပုဂ္ဂိုလ်ရေးအရ လေးစားတယ်။ ဆန္ဒမဲ ပေးချင်တယ်။ ပေးဖို့လည်း စိတ်ကူးရှိတယ်။ ဒါပေမဲ့ သူတို့ လွှတ်တော်ထဲမှာ အဆိုတင်သွင်းတဲ့အခါ အောင်မြင်ဖို့က ဒီလွှတ်တော်ထဲမှာရှိတဲ့ မဲဆန္ဒကိုယ်စားလှယ်လောင်းတွေပေါ့ ၁၅ ဦးရှိဆိုရင် တကယ်မဲခွဲ လိုက်ရင် သူရဲ့အဆိုကို အတည်ပြုဖို့ ထောက်ခံမယ့် အခြားကိုယ်စားလောင်းတွေ မိတ်ဖက်တွေ လိုအပ် မယ်ပေါ့။ ဘယ်လိုပါတီမျိုးကို မိတ်ဖက်လုပ်မလဲ ဆိုတာက  အရမ်းအရေးကြီးတယ်။ ဒီအချိန်မှာကအချို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက ဘယ်လိုလူမျိုး ဘယ်လိုပါတီမျိုးနဲ့ ချိတ်ဆက်ကြမလဲဆိုတာက တွက်ဆရပေမယ့် ဒီအချိန်မှာက စောင့်ကြည့်ရဦးမှာ ဖြစ်တယ်ပေါ့နော်။ တကယ့်တကယ် ကိုယ်ကျိုးအတွက် အလုပ်လုပ်မလား၊ ပြည်သူတွေအတွက် တကယ်လုပ်မလား၊ သူတို့ရဲ့ ဒေသအတွက် ပြည်သူအတွက် အဆိုတွေ အောင်နိုင်ဖို့ ဘယ်လိုပါတီမျိုးတွေနဲ့ ချိတ်ဆက်ကြမလဲဆိုတာ ကျနော်တို့က အရမ်းသိချင်တယ်။ တစ်သီး ပုဂ္ဂလ ဝင်ပြိုင်တာကတော့ နိုင်ငံသားအခွင့်အရေးရတော့ ဝင်ပြိုင်ကြတာက ကောင်းပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သွားတဲ့အခါတော့ ကိုယ့်ရဲ့ အဆိုတွေ တင်သွင်းဖို့ အောင်မြင်ဖို့က အခြားပါတီတွေ ကိုယ်စားလှယ်တွေက ဝိုင်းထောက်ခံဖို့ အရေးကြီးပါတယ်။  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေထက်စာရင်  အဆိုအောင်မြင်ဖို့က အားနည်းလိမ့်မယ်လို့ ကျနော်မြင်တယ်”

ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလတွေဟာ အမျိုးသားလွှတ်တော်မှာ သုံးဦး၊ ပြည်သူ့လွှတ်တော်မှာ တစ်ဦး၊ ပြည်နယ်လွှတ်တော်မှာ ၁၁ ဦးနဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေဖြစ်တဲ့ မွန် နှစ်ဦး၊ ပအိုဝ်း လေးဦး၊ ဗမာ နှစ်ဦးစတဲ့ နေရာအသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်။

တစ်ပြည်နယ်လုံးမှာဆိုရင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အပါအဝင် ကိုယ်စားလှယ်လောင်း ၂၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေ သိရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၁၄ ပါတီရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၁၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။