PACE အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ မသေချာသေး


2020.08.24
peace-622.JPG ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွေ့ရှိချက်များ ရှင်းလင်းခြင်းအခမ်းအနားမှာ ရွေးကောက်ပွဲဆိုင်ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (Peace) အဖွဲ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
Photo: People's Alliance for Credible Elections - PACE

အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရှိမှ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ထားတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှား မှုအဖွဲ့ PACE က သြဂုတ် ၂၄ ရက်နေ့ ဒီနေ့မှာ ပြောလိုက်ပါတယ်။

ကော်မရှင်က အခုလို ဆုံးဖြတ်တာဟာ နိုင်ငံသားတွေရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ဥပေဒမူ ဘောင်တွေနဲ့ ကန့်သတ်လိုက်ရုံသာမက နိုင်ငံသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခွင့်နဲ့ နိုင်ငံ့ရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ကို ကန့်သတ်ချုပ်ချယ်လိုက်တာဖြစ် တယ်လို့ PACE ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက PACE အဖွဲ့ကို လာမယ့် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် မပြုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့ပါတယ်။

ဒီလိုငြင်းပယ်ခဲ့ပြီးနောက်ပိုင်း စောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးအပ်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့ကို ဖုန်းနဲ့ အကြောင်းပြန်ကြားခဲ့ပါသေးတယ်။

ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအတွက် လက်ရှိအကန့်အသတ်တွေကို ဖယ်ရှားပေးဖို့နဲ့ ရွေးကောက်ပွဲဥပဒေ မူဘောင် ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ဖို့ PACE အဖွဲ့က တိုက်တွန်းထားပါတယ်။

PACE အနေနဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ရဖို့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပေမယ့် အချိန်ကာလ အကန့်အသတ် နဲ့ လုပ်ထုံးလုပ်နည်းတွေအရ ရွေးကောက်ပွဲလုပ်ငန်းစဉ် အားလုံးကို စောင့်ကြည့်လေ့လာခွင့်ရဖို့ မသေချာတော့တဲ့ အခြေအနေဖြစ်နေပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကာလဟာ ရက်များမကြာခင်မှာ အစပြုဖွယ်ရှိတာကြောင့် လေ့လာစောင့်ကြည့်ခွင့်ကို PACE က အမြန်ဆုံးရလိုတာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအပြီးကာလမှ စောင့်ကြည့်ခွင့်ရမယ်ဆိုရင် မှန်ကန်သမာသမတ်ကျတဲ့ လေ့လာသုံးသပ်ချက်ကို ရမှာမဟုတ်ဘူးလို့ PACE ရဲ့ ကြေညာချက်က ဆိုပါတယ်။

PACE အဖွဲ့ဟာ ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲဖြစ်စဉ်မှာ ပြည်သူတွေ ပါဝင်မှု မြှင့်တင်ရေး၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုရှိရေး၊ မဲဆန္ဒရှင် အသိပညာပေးရေးစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း လူဦးရေ ၂၉၀၀ နဲ့ စောင့်ကြည့်ဖို့ စီစဉ်ထားတာပါ။ PACE အဖွဲ့ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။