ဥက္ကဋ္ဌ ဖမ်းဆီးခံထားရပေမယ့် နှင်းဆီပါတီ နေပြည်တော်မှာ အင်အားပြမဲဆွယ်
2020.10.07
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဦးရေ ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က ပါတီဝင် အင်အား ၅၀၀ နီးပါးဟာ ဒီနေ့ နေပြည်တော်မှာ အင်အားပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။
UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ တရားစွဲဆို ထိန်းသိမ်းခံထား ရပေမယ့် ရွေးကောက်ပွဲအောင်နိုင်ရေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရှစ်ဦးက ဦးစီးဆောင်ရွက်နေတယ် လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ၊ နေပြည်တော်တိုင်းဦးစီး ဦးထွန်းလင်းကိုက ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံထားရ ပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
“ကျတော်တို့ဆီမှာကတော့ ဥက္ကဋ္ဌကြီးအပေါ် ဟိုဟာဖြစ်ပြီးတော့နေတာ မဟုတ်ပါဘူးခင်ဗျ၊ ကျတော်တို့က UDP ပါတီရဲ့စိတ်ဓာတ်တွေနဲ့ပဲ အကုန်လုံးက ပြည်သူရှိရင် UDP ရှိမယ် UDP ရှိရင် ပြည်သူတွေ အကုန်လုံးရှိနေမှာပါ ။ ကျတော်တို့ နိုင်ဖို့ မှန်းထားတာကတော့ အနည်းဆုံးကတော့ ၇၅ ရာခိုင်နှုန်းတော့ မှန်းထားပါတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာပါ၊ နေပြည်တော်မှာတော့ အုပ်ချုပ်ရေးယန္တရား နေရာဖြစ်တဲ့အတွက် နည်းနည်းလေး ဟိုဗိုလ်ချုပ်တွေနဲ့လည်း ပြိုင်ရမှာဖြစ်တဲ့အတွက် ၆၀/ ၆၅ ရာခိုင်နှုန်းလောက် မှန်းထားပါတယ်၊ ဥက္ကဋ္ဌကြီးကလည်း အရင်ကတည်းကမှာထားပြီးသား သူရှိလို့ UDP ရှိနေတာမဟုတ်ပါဘူး၊ ပြည်သူရှိလို့ UDP ဖြစ်နေတာဖြစ်ပါတယ်”
UDP ပါတီဝင်တွေက နေပြည်တော် ဥပန္တသန္တိစေတီတော် အနီးမှာစုဝေးပြီးတဲ့နောက် နေပြည်တော်နယ်မြေက မြို့နယ်အတော်များများမှာ၊ မဲဆွယ်ရေး ကားတွေ ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။
UDP ဥက္ကဋ္ဌ ဦးကျော်မြင့် ကို စက်တင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
သူ့ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ မှာ ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဦးကျော်မြင့် ကို လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်၊ ၁၉၉၉ ခုနှစ်ကတည်းက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ အမှတ် (၈) စခန်းမှူးက ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။
UDP ပါတီကို ဝေဖန်တိုက်ခိုက်မူတွေရှိပေမယ့် တုံ့ပြန်တိုက်ခိုက်မှာ မဟုတ်ဘဲ၊ ပါတီအနေနဲ့ ဖြူဖြူစင်စင်နဲ့ ရပ်တည်နေတယ်ဆိုတာ ပြောလိုတယ်လို့ ဦးထွန်းလင်းကို က ပြောပါတယ်။
ပါတီ မဲဆွယ်စည်းရုံးရေးကို လိုက်ပါလာသူ ဦးဝင်းမော်ကတော့ သူ UDP ပါတီဝင်တစ်ဦးဖြစ်လာပုံကို RFA ကို ပြောပြပါတယ်။
“သူ့ရဲ့ ဒီ ၁၂ ချက်ပေါ့နော၊ ကျတော်တို့ မရှိဆင်းရဲသား ပြည်သူတွေကိုလည်းပဲ ဒီပါတီတက်လာရင်ဆိုပြီးတော့ ကျတော်က အဲဒါနဲ့၊ အဲလိုဆိုရင်တော့ ကောင်းတယ်ပေါ့၊ မရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်းပဲ ၁၀ တန်းအထိ တာဝန်ယူမယ် အဲလိုပြောတယ် သူက၊ အဲဒါနဲ့ ကျတော်က ဒီပါတီကို ဝင်လိုက်တာပါ”
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးရေးတွေလုပ်တဲ့အခါ လူအင်အား ၅၀ နဲ့သာ သွားလာဖို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လက်ရှိ အာဏာရပါတီ NLD အပါအဝင် အတိုက်အခံ USDP နဲ့ တခြားပါတီတချို့ လူအင်အား ၅၀ ထက်ကျော်လွန်ပြီး သွားလာနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ကပ်ဘေးကာလ လူရာနဲ့ချီ မဲဆွယ်စည်းရုံးမှုတွေနဲ့ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ “UDP ပါတီဝင်တွေက ကော်မရှင်ကို တရားဝင်စာတင်ပြီးမှ ဒီနေ့ မဲဆွယ်တာဖြစ်တယ်” လို့ ပြောပါတယ်။
“တရားဝင်စာတင်ပြီး လှည့်တာပါ ကျတော်တို့ဆီ လာတင်တာကတော့ သူတို့က ဥပဒေနဲ့အညီ တင်ပါတယ် ဒါကြောင့်မို့ ခွင့်ပြုပါတယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီပါတီကို ဒီကနေ့ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့စာထွက်လာရင် နောက်နေ့ကြရင် ဒီပါတီက လှည့်လည်စည်းရုံးရေး ဘာညာ လာတင်ရင် ခွင့်မပြုပါဘူး၊ ပါတီဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ စာထွက်မလာသရွေ့ကတော့ သူတို့ပါတီကလာပြီး မဲဆွယ်စည်းရုံးခွင့် တင်တယ်ဆိုရင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဥပဒေအရ ဒီလိုရှိပါတယ်”
နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင်အင်အားက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၆ သန်းကျော် ရှိပြီး နေပြည်တော်နယ်မြေမှာ ပါတီဝင် အင်အား ခုနှစ်သောင်းကျော်ရှိတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ထောက်ခံလှည့်လည်ပွဲမှာ ပါဝင်တဲ့ ဒေါ်ပုကလည်း မိသားစုဝင်တွေအားလုံး UDP ပါတီဝင်တွေဖြစ်ပြီး ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရမယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။
“ကျမတို့ အဲဒီဟာတော့ သိပ်ပြီးတော့ မပြောပြတတ်ဘူး၊ မဲပေးချင်တာလောက်ပဲ သိပါတယ်၊ ဟုတ်ကဲ့ မိသားစုဝင်တွေ အကုန်လုံးပါပဲ၊ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်ရှင့်”
လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ် နိုင်ငံရေး လေ့လာသူ တစ်ဦးလည်းဖြစ်သူ ဦးရဲထွန်း ( သီပေါ ) ကတော့ UDP ပါတီက ဒုတိယအင်အားအများဆုံးနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပေမယ့် အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“အရင် ၂၀၁၀ ရော၊ ၂၀၁၅ ရော နှစ်ကြိမ်လုံး ဝင်ပြိုင်တယ်၊ နှစ်ကြိမ်လုံးမှာ တစ်နေရာမှ အရွေးမခံရဘူး၊ ဒီတတိယအကြိမ်မှာတော့ တစ်ပြည်လုံးကို ဒုတိယအင်အားအများဆုံးအနေနဲ့ ဝင်ပြိုင်နိုင်တယ်၊ ဝင်ပြိုင်နိုင်ပေမယ့်လို့ လွှတ်တော်ကိုယ်စားလှယ်နေရာတော့ မရနိုင်ဘူးလို့ ကျတော်က သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ခုနက ပြောသလို သူတို့မှာ အစဉ်အဆက်က နာမည်ရှိခဲ့တဲ့ ပါတီခေါင်းဆောင်တွေ မရှိတာကြောင့်ရောပေါ့နော်၊ အခုအင်အားများများနဲ့ ဝင်ပြိုင်တာကလည်း ငွေသုံးနိုင်လို့ပေါ့ ပြည်သူလူထုထောက်ခံမှုကတော့ သိပ်ရှိမယ်လို့ မထင်ဘူး”
ပါတီ ခေါင်းဆောင် ဖမ်းဆီးခံထားရပေမယ့် ပါတီပျက်သွားဖို့ မရှိနိုင်သေးပဲ ရွေးကောင်ပွဲအတွက် ကုန်ကျစရိတ် တွေဟာ ဦးကျော်မြင့်ရဲ့ ငွေကြေးထောက်ပံ့မူနဲ့သာ ရပ်တည်နေရတယ်ဆိုရင် သူအဖမ်းအဆီးခံရတဲ့နောက်ပိုင်းမှာ ပါတီအားလျော့ သွားနိုင်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က အာဏာရ NLD ပါတီလိုပဲ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးနဲ့ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို ၂၀၁၀ ပြည့်နှစ် မေလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)