နိုင်ငံတကာတရားရုံးမှာ စွဲဆိုခံထားရမှုကို USDP ဥက္ကဋ္ဌဝေဖန်
2020.10.12

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာရခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်း မွန်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံရတဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ဒီနေ့ သူရဲ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
ဇေယျာသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် USDP ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ဒီနေ့ အဲဒီမြို့နယ်အတွင်းက ရေဆင်းကျေးရွာမှာ မဲဆွယ်ဟော ပြောပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုထဲသာ ရှိခဲ့ပေမယ့် အရှေ့အနောက် နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တယ်၊ ဒါပေမဲ့ NLD ဦးဆောင်တဲ့ အစိုးရလက်ထက် မှာ နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကိုပါ ထပ်မံ ဖွဲ့စည်းခဲ့ပေမယ့် ဆက်ဆံရေးတိုးတက်မလာတဲ့အပြင် နိုင်ငံတကာမှာ တရားစွဲခံရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်” လို့ သူကပြောတာပါ။
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားရေးအခြေအနေတွေကို အရင်ခေတ်နဲ့ နှိုင်းယှဉ် စဉ်းစားဖို့ လိုမယ်လို့ သူကပြောပါတယ်။
စည်းရုံးဟောပြောပွဲကို လူ ၅၀ ဝန်းကျင်သာ တက်ရောက်ခွင့်ပေးခဲ့ပြီး သတင်းထောက်တွေကိုတော့ ဟောပြောပွဲကျင်းပတဲ့ နေအိမ်ခြံဝင်းအတွင်း သတင်းရယူခွင့်မပြုခဲ့ပါဘူး။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ၊ တပ်မတော်သားမိသားစုဝင်တွေ နေထိုင်မူများ တဲ့ ဇေယျာသီရိ မြို့နယ်မှာ လက်ရှိအချိန်အထိ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မဲပေးနိုင်တဲ့ အရပ်သား မဲဆန္ဒရှင် စုစုပေါင်း (၆၀၀၀၀) ကျော်နဲ့ တပ်မတော်သား မိသားစုဝင် မဲဆန္ဒရှင် (၂၀၀၀၀) ကျော် ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဇေယျာသီရီမြို့နယ်အတွင်း NLD က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်က ( ၂၀၈၅၆ ) မဲရရှိခဲ့ပြီး USDP က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ( ၃၆၇၀၄ ) မဲရခဲ့လို့ မဲအရေအတွက် တစ်သောင်းခွဲကျော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာတော့ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ် လေးခုကို ကိုယ်စားပြု ဝင်ရောက်ခဲ့တဲ့ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ( ၁၁၂၉၈၈) မဲရခဲ့ပြီး USDP က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးက ( ၈၉၂၉၇) မဲရခဲ့လို့ NLD က အနိုင်ရခဲ့ပါတယ်။
နေပြည်တော်ကောင်စီ နယ်မြေမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုတွေအပါအဝင် စုစုပေါင်း မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိနေပြီး မဲရုံပေါင်း ခြောက်ရာကျော် လျာထားကြောင်း ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စာရင်းထုတ်ပြန်ထားပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)