တိုင်းနဲ့ ပြည်နယ်တွေရဲ့ မဲရလဒ်တချို့

စမ်းစမ်းတင်
2020.11.09

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရသူစာရင်းကို UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  မနေ့ကစတင်ပြီး တရားဝင်ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ  NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၆ နေရာ၊  အမျိုးသားလွှတ်တော်မှာ NLD ကပဲ ၃ နေရာ ရရှိထား တယ်လို့ UEC  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က ည ၁၁ နာရီခွဲမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရသူစာရင်းကို UEC က မနေ့ကစတင်ပြီး တရားဝင် ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ကိုယ်ပိုင် facebook လူမှုကွန်ရက်မှာ ရွေးကောက်ပွဲ ရလဒ်ကို တင်ပါတယ်။ တချို့ အဖွဲ့အစည်းတွေ၊ လေ့လာသူတွေ၊ သုတေသနအဖွဲ့တွေကလည်း ရလဒ်တွေ စုဆောင်းဖော်ပြပေမဲ့ UEC က ထုတ်ပြန်မှ တရားဝင်မယ်လို့ အသိပေးပါတယ်။ ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒေါ်ခင်မို့မို့အောင် မဲအများဆုံးနဲ့ အနိုင်ရရှိသွားတယ်လို့ UEC ကကြေညာပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် NLD က ဦးဉာဏ်ဟိန်း မဲအများဆုံးနဲ့ အနိုင်ရရှိသွားတယ်လို့ လည်း အတည်ပြုပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် MUP မွန်ညီညွတ်ရေးပါတီ ကဒေါက်တာဗညားအောင်မိုး အနိုင်ရရှိတယ်လို့ လည်း အတည်ပြု ကြေညာပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ပြည်နယ်လွှတ်တော်နှစ်နေရာအတွက် CNLD ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးရှန်မန်း ၊ တွန်းဇံမှာ ZCD ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က နှစ်နေရာနဲ့ NLD က နှစ် နေရာ အနိုင်ရသွားပါတယ်။

တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) ကိုယ်စားလှယ်နေရာအတွက် လက်ရှိလူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားတာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာကို NLD က အနိုင်ရသွားတယ်လို့ တွန်းဇံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က  ဦးအင်းလမ်းမုန်က အတည်ပြုပြော ကြား ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဆို  ချင်းပြည်နယ် တွန်းဇံ မှာ ZCD ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် က သုံး နေရာ အနိုင်ရခဲ့ ပြီး NLD က တနေရာပဲရခဲ့ပါတယ်။    

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ မှာ အမျိုးသားလွှတ်တော် ၊ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ (၂) ကိုယ်စားလှယ် ၄ နေရာစလုံး NLD က အနိုင်ရရှိသွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော် ကပြော ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မဲစာရင်း ရလဒ်တွေကဒီ နေ့မှ ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရောက်လာမယ်လို့ ဆိုပါတယ်။ အသွားအလာခက်ခဲတဲ့ ချင်းပြည်နယ် မြို့နယ်တော်တော်များများ က မဲစာရင်းတွေ လမ်းမှာပဲရှိသေး ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီရောက်မလာသေးဘူးလို့လည်း ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ တုန်းကလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်က မဲဆန္ဒနယ် (၄) ခုလုံးမှာ NLD အနိုင်ရခဲ့တာပါ။ တနင်္သာရီ တတိုင်းလုံး အတွက် ကနဦး ရလဒ်တွေအရ NLD က မဲအသာစီးရနေတဲ့ အတွက် ဝိုင်းရံတဲ့ လူတ ထောင်လောက်က ထားဝယ်မြို့ပေါ်မှာ မနေ့ညနေက အောင်ပွဲခံ လှည့်လည်ကြပါတယ်။ NLD အောင်နိုင်ရေးသီချင်း၊ NLD ပါတီက နောက်ထပ်ငါးနှစ် အစိုးရဖွဲ့ခွင့်ရတဲ့ သီချင်းတွေဖွင့်ပြီး ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းကနေ မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည် ကြတာပါ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော်(၂)နေရာအတွက် MUP မွန်ညီညွတ်ရေးပါတီ က နိုင်လယိတမ က မဲအများဆုံးနဲ့ အနိုင်ရရှိသွားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မှာ NLD ၊ မွန်ညီညွတ်ရေးပါတီ MUP နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP တို့ အင်တိုက်အားတိုက်ယှဉ်ပြိုင်ကြပြီး လက်ရှိ မွန်ပြည်နယ်လွှတ်​တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိ သွားပါတယ်။ မန္တလေးတိုင်း စဉ့်ကူမြို့နယ်မှာ NLD က နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဝင်းမြမြအနိုင်ရရှိတယ်လို့ သူ့ လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။