ရေဘေးသင့် ကလေးနဲ့ တမူးမှာ ကျေးရွား ၂ဝ နီးပါး ပြောင်းရွှေ့မည်


2015.09.04
flooding-sagaing-620 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတချို့ ရေဖုံးလွှမ်းနေတာကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ခံရတဲ့အတွက် ဆက်လက်နေထိုင်လို့မရတော့တဲ့ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်က ကျေးရွာပေါင်း ၂ဝ နီးပါးကို နေရာပြောင်းရွှေ့ချထားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။

ကျေးရွာပေါင်း ၂ဝ လောက်က အိမ်ခြေ နှစ်ထောင်ကျော်ကို ပြောင်းရွှေ့ပေးဖို့အတွက် ငွေကျပ် ဘီလီယံ ၃ဝ နီးပါး အသုံးပြုမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစ-ဝီလီဖရန့်(စ်) က ပြောပါတယ်။

"ရေကြီးတုန်းက မျောပါသွားတဲ့ အိမ်အရေအတွက်ကို ကျနော်တို့က ပြန်ဆောက်ပေးရမယ့်အင်အား အလုံး ၃၅ဝ လောက်ရှိပါတယ်၊ နောက်ပြီးရင် အိမ်ကတော့ ရှိတော့ရှိတယ် ပြိုကျပျက်စီးသွားတယ် နေလို့မရတဲ့ သူကလည်း အဲ့ဒါလည်း ၆ဝဝ ဝန်းကျင်လောက်ရှိတယ်ဗျ၊ နောက်အဲ့ဒီမှာတချို့က ပြိုတော့မပြိုဘူး ဒါပေမယ့် အိမ်ကနေလို့မဖြစ်တဲ့အိမ်တွေရောဆိုတော့ ကျနော်တို့ ပြောင်းရွှေ့ပေးရမယ့် အိမ်အားလုံးပေါင်းကတော့ ၂ဝဝဝ ကျော်လောက်ရှိပါတယ်၊ အိမ် ၁ လုံးကို သိန်း ၂ဝ ကျော်နဲ့ ၂၃ သိန်းမှာ ကျနော်တို့ ခန့်မှန်းပြီးတော့ ပြန် လည်ဆောက်ပေးမှာပေါ့နော်၊ အဲ့ဒါ လုပ်ပေးပါ့မယ်"

တမူးမြို့နယ်က ပွတ်သာ၊ မင်းသမီး၊ အလှော်၊ ကလေးမြို့နယ်က နန်းစောင်းပု၊ နန်းကျင်ဆောင်၊ အနောက်ခုံသာ၊ နတ်ကြီးကုန်း၊ ကံကြီး စတဲ့ကျေးရွာတွေ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ အခုလက်ရှိ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအတော်များများ ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တစ်နိုင်ငံလုံးအနံှ့ ရေကြီးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးက အိမ်ခြေ တစ်ထောင်ကျော် ရေနဲ့မျောပါပျက်စီးခဲ့ပြီး လယ်ယာမြေဧက ၅ သောင်းကျော် ပျက်စီးခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစ-ဝီလီဖရန့်(စ်) ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်းပဲ သြဂုတ်လ ၁ ရက်နေ့က ရေလွှမ်းမိုးမှုခံခဲ့ရတဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်မှာ လယ်ယာမြေတွေက ရွှံ့နွံအောက်မြုတ်နေဆဲမို့ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်စတင်ဖို့ခက်ခဲနေပါတယ်။ အဲ့ဒီနယ်က ရေဘေးသင့်ပြည်သူတွေရဲ့နောက်ဆုံးအခြေအနေကို မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။