နေပြည်တော်ကို သွားရောက်သူတွေ ၂၁ ရက်စောင့်ကြည့်ခံရမည်
2020.04.19
ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ကန့်သတ်စောင့်ကြည်တာ (Quarantine) လုပ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ပြည်တွင်းကူးစက်မှုတွေရှိလာတဲ့ အခုနောက်ပိုင်းမှာတော့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တစ်ချို့က မြို့နယ်တွေ ကျေးရွာတွေမှာ ရောဂါပိုးကူးစက်မှာကိုစိုးရိမ်ပြီး ပြည်တွင်း အခြားမြို့တွေက ပြန်လာသူတွေကိုပါ Quarantine ၂၁ ရက် လုပ်ခိုင်းတာတွေရှိနေပါတယ်။
ဧပြီလ ၂၀ ရက် တနင်္လာနေ့ မနက်ကစပြီး နေပြည်တော်ကိုဝင်လာသူ မှန်သမျှကို Quarantine ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့ ညွှန်ကြားထားကြောင်း နေပြည်တော်အဝင် စီလမ်းဆုံ စစ်ဆေးရေးဂိတ် တာဝန်ရှိသူ ရဲအုပ်ကျော်စိုးခိုင်က RFA ကို ဧပြီ ၁၈ ရက်နေ့က ပြောပါတယ်။
စောင့်ကြည့်မယ့် အစီအစဉ်ကိုလက်မခံရင် နေပြည်တော်ကောင်စီထဲကို ဝင်ခွင့်မပြုဖို့ ညွှန်ကြားထားတယ်လို့လည်း ရဲအုပ်ကျော်စိုးခိုင်က ပြောပါတယ်။
Quarantine ဝင်ရမယ့်သူတွေကို အစိုးရက သက်ဆိုင်ရာနယ်မြေအလိုက် နေစရာသတ်မှတ်ပေးမှာဖြစ်ပြီး၊ စားသောက်ရေးကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တာဝန်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တောင်ကောင်စီက လုပ်တာဖြစ်တာကြောင့် ကောင်စီကိုသာမေးမြန်းဖို့နဲ့ လက်ရှိအချိန်ထိ စာရောက်မလာသေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောပါတယ်။
နေပြည်တော် ကောင်စီတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အလားတူ တနင်္သာရီ တိုင်းဒေသကြီးမှာလည်း ပြည်တွင်းအခြားမြို့နယ်တွေက ဝင်ရောက်လာသူတွေကို ၂၁ ရက် Quarantine လုပ်ဖို့ စီစဉ်နေပါတယ်။
လက်ရှိမှာ ပြည်ထောင်စုအစိုးရကို တင်ပြထားပြီး ညွှန်ကြားချက် စောင့်နေတယ်လို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။
“ ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့လမ်းမကြီးတဲ့အတွက် သက်ဆိုင်ရာပြည်ထောင်စုကို တင်ပြထားတာပေါနော်၊ မလွှဲတောင်ဂိတ်ကိုဖြတ်ကျော်တဲ့အခါမှာ လက်တလောအခြေအနေအရ ကုန်ကားနဲ့ ဝန်ထမ်းကား၊ ကျန်းမာရေးကားတွေတော့ ခွင့်ပြုထားတယ်၊ ကိုယ်ပိုင်ကားတွေနဲ့ လာတဲ့အပေါ် မူတည်ပြီးတော့ အဓိက မလွှဲတောင်ကိုဖြတ်တာနဲ့ Quarantineက လုပ်ရမှာဖြစ်ပါတယ်”
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာအမှတ် ၂၅ ဟာ တနင်္သာရီတိုင်း မြိတ်မြို့မှာ ပြီးခဲ့တဲ့လကကျင်းပတဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တာကြောင့် မြိတ်ခရိုင်အတွင်းက လူ ၂၀၀ နီးပါး Quarantine လုပ်ထားရပါတယ်။
ဒါကြောင့် ရောဂါပိုးကူးစက်မှု ရှိတဲ့နေရာက လူတွေလာရောက်ရင် ဒေသခံတွေ ကူးစက်မှုမဖြစ်အောင် ၂၁ ရက် စောင့်ကြည်တာလုပ်ဖို့ စီစဉ်နေတယ်လို့ မြိတ်ခရိုင် Covid-19 ရောဂါ တားဆီးကာကွယ်တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥက္ကာမင်းက ပြောပါတယ်။
“ လက်ရှိအချိန်မှာတော့ ကိုယ်တို့ဒေသက ရောဂါကင်းစင်တဲ့ဒေသလို့ ပြောလို့ရတာပေါ့ ၊ မစစ်ဆေးတဲ့ အတွက်တော့၊ အခြားနေရာကနေဝင်လာပြီး ရောဂါပိုးကူးသွားမှာလည်း မလိုလားဘူး၊ ထိုက်သင့်တဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားဖို့ ဝိုင်းပြီးတော့စဉ်းစားကြတာ လွှတ်တော်ကိုယ်စားလှယ်တွေကော၊ အုပ်ချုပ်ရေးပိုင်းကော၊ Quarantineထားဖို့တော့ စီစဉ်နေတယ် ”
ပြည်ထောင်စုအစိုးရက ပြည်ပကနေရပ်ပြန်လာသူတွေကိုဘဲ Quarantine နေဖို့ထုတ်ပြန်ပေမယ့် အောက်ခြေမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေ ရပ်ကွက်ကျေးရွာတွေမှာ ပြည်တွင်းကနေရပ်ပြန်တွေကိုပါ Quarantine နေဖို့စီစဉ်တာအပြင် တရွာနဲ့ တရွာဖြတ်သန်းသွားလာခွင့်မပေးဘဲ လမ်းပိတ်တာမျိုးတွေရှိနေပါတယ်။
မကွေးတိုင်းဒေသကြီးမှာလည်း မြို့နယ်တစ်ချို့နဲ့ ကျေးရွာတစ်ချို့မှာ ပြည်တွင်း နေရပ်ပြန်တွေကို ၂၁ ရက် Quarantine လုပ်တာ၊ လမ်းပိတ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကတော့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ညွှန်ကြားထားတာမရှိပေမယ့် ရပ်ရွာနဲ့အဆင်ပြေရင် လုပ်လို့ရတယ်လို့ ပြောပါတယ်။
“ Quarantine ထားရမယ်မထားရဘူးဆိုတာတော့ တိုင်းဘက်က ညွှန်ကြားတာမရှိဘူး၊ တားဖို့လည်း မသင့်ဖူးဆိုတော့ တားလည်းမတားဘူး၊ ကိုယ်ရပ်ရွာက အဆင်ပြေရင်တော့ Quarantine လေးထားစောင့်ရှောက်ရင်တော့ ကောင်းတာပေါ့”
ဒီလိုဒေသန္တရ အမိန့်တွေဟာထုတ်ခွင့်ရှိပေမယ့် ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်တွေနဲ့ မဆန့်ကျင်ဖို့လိုတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ လိုအပ်လို့ရှိရင် ဒေသန္တရအမိန့်ဆိုတာ ထုတ်ခွင့်တေ့ာရှိတယ်၊ ရှိသော်လည်း ဥပဒေနှစ်ရပ်က မဆန့်ကျင်ရဘူး၊ ဘယ်လိုဟာမျိုးလည်းဆိုတော့၊ နိုင်ငံတော်မူဝါဒနဲ့ နိုင်ငံတော်ကပြောထားတာနဲ့ ဆန့်ကျင်လို့ရှိရင် နိုင်ငံတော်မူက လွှမ်းမိုးတာဘဲ၊ နိုင်ငံတော်က တရားဝင်မထုတ်ပြန်သေးတဲ့ ဟာမှန်သမျှကို ဒေသန္တရအမိန့် ဆိုတာလည်း သူ့ထက်အဆင့်မြင့်တဲ့ နေရာတိုင်လို့ရှိရင် အဲအဆင့်မြင့်တဲ့နေရာက ဝင်စွပ်ဖက်ခွင့်ရှိတယ်၊ အဲကျဖျက်ပါလိုက်မှာဘဲ”
တိုင်းနဲ့ပြည်နယ်တွေမှာ ပြည်တွင်းနေရပ်ပြန်တွေကိုပါ Quarantine လုပ်ခိုင်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရသဘောထားကိုသိရအောင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အပူချိန်တိုင်းတာ၊ စစ်ဆေးတာဘဲလုပ်ခွင့်ရှိပြီး မိမိသဘောဆန္ဒနဲ့ လမ်းပိတ်တာတွေ၊ တားဆီးတာတွေပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒီနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၇ ဦးရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေခင် အချိန်ကစပြီး ပြည်ပကနေ လေကြောင်းအပါအဝင် နယ်စပ်ဂိတ်တွေကနေ ပြန်ဝင်လာတဲ့ ပြည်တောင်ပြန်တွေကို ၁၄ ရက် မဖြစ်မနေ ကန့်သတ်စောင့်ကြည့်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။
ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ရောဂါလက္ခဏာမပြတာနဲ့ နှစ်ပတ်ကျော်မှ ရောဂါလက္ခဏာပြတာတွေ ရှိလာတာကြာင့် ပြည်ထောင်စုအစိုးရက Quarantine ကာလကို ၂၁ ရက်အထိ တိုးမြှင့် ထုတ်ပြန်ခဲ့တာပါ။
ပြည်တွင်းကူးစက်မှုတွေရှိလာတဲ့ အခုနောက်ပိုင်းမှာတော့ ပြည်တော်ပြန်တွေအပြင် ပြည်တွင်း တခြားဒေသတွေက လာရောက်သူတွေကိုပါ Quarantine ထားဖို့ စီစဉ်တာတွေ ရှိလာတာဖြစ်ပါတယ်။