အပစ်မရပ်သေးတဲ့ အဖွဲ့တွေ ပင်လုံညီလာခံတက်ဖို့ ကြိုးစားနေ
2016.08.20

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အစိုးရသစ်ကို ယုံကြည်ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်ရဖို့ ကြိုးစားနေကြောင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ ၂ နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ တွေ့ဆုံဆွေးနွေးရာမှာ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့တာဖြစ် ပါတယ်။
"ကျနော်တို့လက်မှတ်မထိုးရသေးတဲ့အဖွဲ့များကတော့ နိုင်ငံတော်အစိုးရကိုယုံကြည်တဲ့ စိတ်ဓါတ်နဲ့ ဂုဏ်ပြု တဲ့စိတ်ဓါတ်နဲ့ ၂၁ ရာစုပင်လုံကို တက်ရောက်နိုင်ရေး အတွက် ကျနော်တို့ကြိုးစားနေတာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာ ရလာဒ်ကောင်းတွေရပါတယ်၊ မနက်ဖြန်ဆက်ပြီး ကျင်းပမယ့် အစည်းအဝေးမှာလည်း ကျနော်တို့ အားတက်စွာဆွေးနွေးပြီးတော့ ကျနော်တို့အားလုံး ရဲ့ကောင်းမွန်တဲ့ နိုင်ငံရှေ့ရေးကို ကျနော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားရင်းနိဂုံးချုပ် ပါတယ်"
ဒီနေ့ဆွေးနွေးပွဲမှာ NCA စာချုပ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ကိစ္စတွေ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာကိစ္စတွေနဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ JMC ကို ပိုမိုအားကောင်းအောင် ဖွဲ့စည်းဖို့ကိစ္စတွေအပါအဝင် UNFC အဖွဲ့က တင်ပြထားတဲ့ အချက် ၈ ချက်ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးသိန်းဇော် စတဲ့ အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး DPN ဘက်က ခူဦးရယ်၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်ချုပ်စိုင်းထူး၊ ဗိုလ်မှူးကြီး ဆေအွန် စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် မှာဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ကိုလည်း ညှိနှိုင်းအဖြေရှာဖို့ ဆန္ဒရှိကြောင်းပြောပါတယ်။
မနက်ဖြန်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေကို ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က တွေ့ဆုံမေးမြန်းထားပါတယ်။