ပင်လုံညီလာခံအရေး အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသား ၃ ဖွဲ့ဆွေးနွေး
2016.07.21

ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) က ဦးခက်ထိန်နန် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့ က ခေါင်းဆောင်တွေ ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၈ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ဦးခက်ထိန်နန်နဲ့ တွေ့ဆုံခဲ့သူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်ပြည်အမျိုးသားကောင်စီ ANC အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် ကတော့ တွေ့ဆုံဆွေးနွေးမှု အကြိုညှိနှိုင်းဆွေးနွေးမှုဖြစ်ပြီး အားလုံးပါဝင်နိုင်ရေးကို နည်းလမ်းရှာဖွေ ဆွေးနွေးကြတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
"အဓိကကျတာက အားလုံးပါဝင်ရေးကို ဖော်ဆောင်ဖို့လိုတယ်၊ အားလုံးပါဝင်တဲ့အခါမှာ ဒါဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ အတူတကွ ပါဝင်ရင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ တစ်ဖွဲ့ချင်းစီအနေနဲ့ ကျနော်တို့က bilateral သဘောတူညီချက်ပေါ့နော် နှစ်ဖက် သဘောတူညီချက်တွေ ရှာဖွေပြီးတော့မှ သွားတဲ့အဆင့်ပုံစံမျိုးနဲ့ သွားရင်လည်းဖြစ်တယ်၊ ပြီးရင် နောက်ဆုံးမလွဲမရှောင်သာ ကျနော်တို့လုပ်ရမည့် နည်းနာကတော့ အားလုံးပါဝင်ရေးကို ဘယ်လိုကျော်ဖြတ်မလဲ၊ ဒါတွေကို ကြိုစဉ်းစားနိုင်ဖို့အတွက် ကျနော်တို့ စဉ်းစားစရာတွေ ကျနော်တို့ တင်ပြတယ်၊ သူတို့ဘက်ကတော့ မရှင်းလင်းတဲ့အချက်တွေကို မေးပါတယ်၊ ပြီးရင် သူတို့ရဲ့အပေါ်မှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ ခေါင်းဆောင်တွေကို ဆက်လက်ပြီးတော့မှ တင်ပြသွားမယ်ဆိုတဲ့ သဘောထားမျိုး ပြောသွားပါတယ်"
အရင်အစိုးရလက်ထက်မှာ တိုင်းရင်သားအဖွဲ့တွေ NCA လက်မှတ်ရေးထိုးခါနီးအချိန်မှာ ရခိုင်ပြည် အမျိုးသားကောင် စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့တွေကို NCA လက်မှတ်ရေးထိုးဖို့ မလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်ဖို့နဲ့ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် AUL ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့တွေကိုတော့ လက်နက်ချမှ ပါဝင်ခွင့်ပြုမယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး UNFC အဖွဲ့အနေနဲ့ အားလုံးပါဝင်မှုမရှိတဲ့အတွက် NCA လက်မှတ်ရေးထိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အခုအစိုးရသစ်မှာ အားလုံးပါဝင်နိုင်ဖို့ အခုလို သီးခြားတွေ့ ဆုံဖြစ်တာလို့ ဦးထွန်းဇော် က ဆက်ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို ရခိုင်ပြည်အမျိုးသားကောင်စီ ဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်၊ လားဟူဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန်နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး တာ့ညီလူ ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) က အဖွဲ့ဝင် ဦးခက်ထိန်နန် အပါအဝင် ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦးနဲ့ ဦးကျော်လင်းဦးတို့ တက်ရောက်ပါတယ်။