၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆို
2016.07.24

လာမယ့်သြဂုတ်လအတွင်း ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံ ကြိုဆိုထောက်ခံပွဲ ကို ရန်ကုန်ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး လူ ၅၀ ကျော် က ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။
၂၁ ရာစုပင်လုံညီလာခံဟာ ဖက်ဒရယ်တိုင်းပြည်တည်ဆောက်ဖို့ အရေးကြီးပြီး မြန်မာပြည်ရဲ့ ထွက်ပေါက်ဖြစ်တာကြောင့် ကြိုဆိုထောက်ခံတာလို့ ရန်ကုန်ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ကိုမြတ်ကျော် က ပြောပါတယ်။
"ကျနော်တို့ ၂၁ ရာစု ပင်လုံညီလာခံကနေ မျှော်မှန်းတဲ့အရာတွေရှိတယ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းလာပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဆီသွားဖို့ အဓိကရည်ရွယ်ချက်ပါ၊ အမြန်ဆုံးလိုအပ်ပြီ နှစ်ပေါင်း ၆ဝ၊ ၇ဝ ဖြစ်နေပြီ၊ တိုင်းပြည်မှာ စစ်ရဲ့ဆိုးကျိုးကို တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အကုန်လုံးခံစားနေရတာ နှစ်ပေါင်း ၆ဝ၊ ၇ဝ ဖြစ်နေပြီ၊ အတူတကွပိုင်ဆိုင်တဲ့တိုင်းပြည်၊ အတူတကွပြည်ထောင်စုကို ထူထောင်မယ်၊ အဲ့ဒီတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံသည် တိုင်းပြည်ရဲ့၊ မြန်မာပြည်ရဲ့ ထွက်ရပ်လမ်းလို့ ကျနော်တို့ကမြင်တယ်၊ လူထုက ပိုမိုထောက်ခံ ပူးပေါင်းပါဝင်လာအောက် လုပ်ဆောင်တဲ့ပွဲပါ"
ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ စတဲ့ မြို့တွေမှာ ကျင်းပခဲ့ပြီး နိုင်ငံတကာလှုပ်ရှားမှုအဖြစ် အမေရိကန်၊ နယ်သာလန်၊ ဒိန်းမတ်၊ သြစတေးလျနဲ့ ဂျပန် နိုင်ငံတို့မှာလည်း ဒီနေ့ ကျင်းပခဲ့ပါတယ်။
၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့ လက်မှတ်တွေကောက်ခံပြီး ပြည်ထောင်စု လွှတ်တော်ကို ပေးပို့သွားမယ်လို့လည်း ကြိုဆိုပွဲ ဦးဆောင်သူတွေ က ပြောပါတယ်။