ငြိမ်းချမ်းရေးသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာပါဝင်မယ့် အချက်တွေကို အပြီးသတ်အတည်ပြု
2020.08.20
မနက်ဖန် သြဂုတ်လ (၂၁) ရက်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ နောက်ဆုံးရက်မှာ ချုပ်ဆိုမယ့်၊ “ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)” ကို ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ UPDJC ရဲ့ ၂၀ ကြိမ်မြောက် အစည်းအဝေးကနေ ဆွေးနွေးပြီး အပြီးသတ် အတည်ပြုလိုက်တာပါ။
ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ ရဲ့အပိုင်း (၁ )မှာ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ အပိုင်း (၂) မှာ ၂၀၂၀-အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့၊ အပိုင်း (၃) မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့၊ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမှု သဘောတူချက်တွေ ပါဝင်ပါတယ်။
ဒီနေ့ UPDJC အစည်းအဝေးကိုကော်မတီရဲ့ဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဦးသုဝေတို့ တက်ရောက် အမှာစကား ပြောခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပင်လုံသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည် မဖေါ်နိုင်မှာကို စိုးရိမ်ပူပန်မှု မဖြစ်ဖို့ မှာကြားသွားပါတယ်။
" ဒီညီလာခံ နှစ်ကြိမ်မှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းတွေထဲက အခြေခံမူ ၅၁ ချက်ကို ကျမတို့ ရရှိထားပြီးသားဖြစ်ပါတယ်။ ဒီအခြေခံမူတွေကို ဘာလုပ်မှာလည်း အသုံးမပြုတော့ဘူးလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီအတွက်လည်း စိတ်မပူကြဖို့ ပြောကြားလိုပါတယ်။ ကျမတို့ အားလုံး အကြေအလည်ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရရှိထားတဲ့ အခြေခံမူ ၅၁ ချက်ကို သက်ဆိုင်တဲ့ ခေါင်းစဉ်တွေ အောက်မှာ ထည့်သွင်းပြီး အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ပါပဲ။"
UPDJC ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းပလောင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် တာလှဖေကလည်း၊ ပြီးခဲ့တဲ့၂၁ ရာစုပင်လုံညီလာခံ နှစ်ကြိမ်မှာ သဘောတူညီခဲ့တဲ့ အခြေခံမူ ၅၁ ချက်ကို အသက်ဝင်လာအောင် ဆောင်ရွက်သွားမယ်လို့ UPDJC အစည်းအဝေးအပြီးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
" ဒုတိယအကြိမ်နဲ့ တတိယအကြိမ်က ရထားတဲ့ ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက်၊ အဲဒီ ၅၁ ချက်ဟာ လွှတ်တော်မှာ အတည်ပြုပြီးသွားပေမယ့်လို့ အသက်မဝင်ဘူးဖြစ်နေတယ်။ ဘာမှ အကောင်အထည်ဖော်မှု မရှိဘူး ဖြစ်နေတယ်။ အဲဒါကို ခုလာမယ့် ပြည်ထောင်စုသဘောတူညီချက် စာချုပ်မှာတော့ ပြီးခဲ့တဲ့ စာချုပ်တွေကို သိဒ္ဓိတင်တဲ့သဘောပေါ့။ ကျတော်တို့ အဲဒီဟာလေးကို သက်ဝင်ဘာအောင် အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားဖို့ပါမယ်။ နောက်တစ်ခုက ဒီသဘောတူစာချုပ်ဆိုတာက အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမယ့် လမ်းကြောင်းကြီးတစ်ခုလည်း ဖြစ်တယ်ပေါ့လေ။ ဒါလွှတ်တော်ပြင်ပကနေ ကြိုးစားလို့ရတဲ လမ်းကြောင်းကြီးပေါ့။"
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA လမ်းကြောင်းကတဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သဘောတူထားတယ်” လို့ UPDJC အစည်းအဝေးအပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြသွားပါတယ်။
"NCA အရပါလာတာက ဘာလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးက အဲမှာပါလာတယ်။ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပါ့မယ်လို့ Commitment (ကတိကဝတ်) ပေးတာက NCA မှာပဲရှိတယ်။ ဘယ်မှာမှ မရှိဘူး။ အဲတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လက်မှတ်ထိုးထားတဲ့ NCA စာချုပ်အရ တပ်မတော်ကလည်း ဒီလမ်းကြောင်းက သွားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ညှိနှိုင်းပြီးပြင်တာဖြစ်တဲ့အတွက် ဒါက အဆင်ပြေတဲ့ လမ်းကြောင်းပေါ့နော်။ ကျန်တဲ့ လမ်းကြောင်းတွေလည်း မျိုးစုံရှိပါလိမ့်မယ်။ သို့သော် ဒါက တပ်မတော်ကိုယ်တိုင် ကတိကဝတ်ပေးထားတယ် လက်မှတ်ထိုးထားတဲ့ အချက်က ဒီ NCA မှာ ပါတယ် ၂၂ ( ဃ) ။"
နောက်ထပ် ၂၁ ကြိမ်မြောက် UPDJC အစည်းအဝေးကိုတော့ ရွေးကောက်ပွဲအပြီး နောက်အစိုးရ သက်တမ်းမကူးခင် ကြားကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်သွားမယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီး ဒီနေ့ဟာ ဒုတိယနေ့ဖြစ်ပါတယ်။
မနက်ဖြန် ၂၁ ရာစုပင်လုံအစည်းအဝေး နောက်ဆုံးနေ့ မှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အန်စီအေ လတ်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ စတဲ့အစုအဖွဲ့အားလုံးကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို တရားဝင်လက်မှတ်ထိုးပြီး အတည်ပြုတော့မှာ ဖြစ်ပါတယ်။