အာဆီယံ ထိပ်သီးအစည်း အဝေး နေပြည်တော်မှာ စတင်ကျင်းပ


2014.11.12
asean-summit-25th-305.jpg နေပြည်တော်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအပြီး ပတ္တမြားခန်းမမှာ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: RFA

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေး အန္တရာယ်တွေ၊ အီဘိုလာရောဂါလို ကူးစက်ရောဂါ အန္တရာယ်တွေနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ စတဲ့စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်တဲ့ စွမ်းအားတွေ စဉ်ဆက်မပြတ်ထူထောင်ထားဖို့ လိုအပ်ကြောင်း နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်း အနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ တဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ခုနှစ်အလွန် ကာလမှာ အာဆီယံနိုင်ငံတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ ရမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

"၂ဝ၁၅ ခုနှစ် အလွန်ကာလာမှာ ပေါ်ထွက်လာမယ့် အာဆီယံအသိုင်းအဝိုင်းနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စတွေ ကလည်း စိန်ခေါ်မှုများအဖြစ် ရှိနေမှာဖြစ်ပါတယ်၊ အာဆီယံနိုင်ငံတွေအပေါ် သက်ရောက်တဲ့ သဘာဝဘေး အန္တရာယ်များနဲ့ ပြင်ပဂယက်အချို့ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေး မရေရာမှုတွေအပြင် အီဘိုလာရောဂါကဲ့သို့သော ကူးစက်ရောဂါများနဲ့ အကြမ်းဖက်နဲ့ အစွန်းရောက်ဝါဒ အစရှိတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားရ မှာဖြစ်ပါတယ်၊ ဒီနေရာမှာ အာဆီယံရဲ့ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရတဲ့စိန်ခေါ်မှုတွေကို စည်းလုံးညီညွှတ်စွာ တွန်းလှန်နိုင်တဲ့စွမ်းရည်ကို စဉ်ဆက်မပြတ်ထူထောင်ရန် လိုအပ်တယ်ဆိုတာကလည်း အလေးအနက်ပြောကြားလိုပါတယ်"

အာဆီယံနိုင်ငံတွေအနေနဲ့ G 20 နိုင်ငံတွေအပြင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေ၊ တခြားဒေသက စီးပွားရေးမိတ်ဖက်တွေနဲ့ ဆက်သွယ်မှုတွေကို ဒီထက်ပိုပြီး တိုးမြှင့်သင့်ကြောင်းလည်း  သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ အမေရိကန်သမ္မတ၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်၊ တောင်ကိုရီးယားသမ္မတနဲ့ ADB Bank ဥက္ကဌ စတဲ့ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။

ဒီၤအတောအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီနေ့ညနေ ၆ နာရီခွဲက နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အင်မတန်အရေးကြီးတဲ့အချိန် ကို ရောက်နေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးအရ အသိအမှတ်ပြုလေးစားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။