ထိုင်းနိုင်ငံကို အလုပ်သွားရှာတဲ့ မြန်မာလူငယ် ၂၆၀ လောက် အဖမ်းခံရ

ထိုင်းနိုင်ငံမှာ မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့တစ်ရက်ထဲမှာပဲ မြန်မာနိုင်ငံသား ၂၆၀ နီးပါးကို ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ရနောင်းခရိုင်ထဲမှာ ၄၄ ယောက်၊ ကန်ချနဘူရီခရိုင် ဆိုင်ယော့ မြို့နယ်ထဲမှာ ၂၁၂ ယောက်၊ အားလုံး ၂၅၆ ယောက်ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးမိခဲ့တာလို့ ထိုင်း ရဲတပ်ဖွဲ့တစ်ခုရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ သတင်းဖော်ပြထားသလို၊ မနေ့ကထွက်တဲ့ ဘန်ကောက်ပို့စ်သတင်းမှာလည်း ရေးထားပါတယ်။
အခုလို အလုံးအရင်းနဲ့ အဖမ်းခံရတာ ဒီရက်မှာ အများဆုံးဖြစ်တယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
"အောက်တိုဘာလ ၂၅ ရက်နေ့မှာ ၂၁၂ ယောက်၊ ရနောင်ခရိုင်ထဲမှာ ၄၄ ယောက် ဒီနေ့ တစ်နေ့ထဲမှာ ၂၅၆ ယောက် ဖမ်းခံရတယ်။ ဒီတစ်ကြိမ် အများဆုံးပဲ၊ အစုလိုက်အပြုံလိုက်။ သူတို့အကုန်လုံး ပေးရတာ ထိုင်းနိုင်ငံအတွင်းပိုင်း အလုပ်လုပ်ဖို့အတွက် ဘတ် တသောင်းကိုးထောင်ကနေ နှစ်သောင်းထိ ပေးရတယ်။ အဲတော့ ပြောမယ်ဆိုရင် ဒီ ၂၃၊၂၄၊ ၂၅ သုံးရက်ထဲနဲ့ပဲ စုစုပေါင်း ၃၇၆ ယောက် ဖမ်းခံရတယ်။ ဒီ အရေအတွက်ဟာဆိုရင် ထိုင်းနိုင်ငံထဲမှာ အဖမ်းခံရတာ အများဆုံးလို့လည်း သုံးသပ်ပြောဆိုလို့ ရပါတယ်"
အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့က ကန်ချနဘူရီခရိုင် ဆိုင်ယော့မြို့နယ် တောလမ်းကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ သုံးရက်အတွင်းမှာ ၃၇၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာလ တတိယ ပတ် ထိ တစ်လအတွင်း ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ရှိပြီလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို MOU စနစ်နဲ့ ပြန်ခေါ်ယူမယ်၊ ထိုင်းမှာရောက်နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေကိုလည်း အလုပ်သမား လက်မှတ်အသစ်လုပ်ပေးမယ်လို့ ပြောဆိုထားသလို၊ မြန်မာ့နိုင်ငံရေး ဆိုးနေတဲ့အခြေအနေနဲ့ လူပွဲစားတွေရဲ့ လှည့်ဖြားမှုတွေကြောင့် နယ်စပ်ကနေ တရားမဝင် ဝင်လာကြတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ကန်ချနဘူရီခရိုင် ဆိုင်ယော့မြို့နယ်ဟာ မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်မြို့နယ်ဘက်နဲ့ နယ်မြေထိစပ်နေတဲ့ နယ်စပ်ဒေသဖြစ်ပါတယ်။
အဲဒီမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေက၊ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်က လူငယ်တွေဖြစ်ပြီး၊ သူတို့က လူပွဲစားကို ဘတ်ငွေ တစ်သောင်းရှစ်ထောင်ကနေ၊ နှစ်သောင်းသုံးထောင် လောက်ထိ ပေးခဲ့ရတယ်လို့ ပြောတဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့ရဲ့သတင်းမှာ ရေးထားပါတယ်။
သူတို့ဟာ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထွမ်ခရိုင်တွေမှာ အလုပ်သွားလုပ်ကြမယ့်သူတွေ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။ လတ်တလောမှာတော့ သူတို့ကို ဆိုင်ယော့ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကိုဗစ်-နိုင်တင်းန် ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်တဲ့အခါ မရှိကြောင်းတွေ့ရသလို၊ တရားမဝင် ရောက်လာမှုရော ကပ်ရောဂါကာလအရေးပေါ် ထုတ်ပြန်ချက်အမိန့် ချိုးဖောက်မှုနဲ့ပါ ဆက်ပြီးအရေးယူမယ်လို့ ဆိုပါတယ်။
လူကုန်ကူးမှုတွေ အများဆုံးဖြစ်လာတဲ့ ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်း-မလေးရှားနယ်စပ်တွေက တာ့ခ်၊ ချင်းရိုင်၊ ရနောင်း၊ ချွန်ဖုန်၊ ပရကျွတ်ခရီခန်၊ ကန်ချနဘူရီ၊ ဆုံခလာ၊ ပဌာနီ အပါအဝင် ခရိုင် ၁၀ ခုမှာ ထိုင်းလုံခြုံရေး တွေ ၂၄ နာရီလုံး အထူးတင်းကျပ်လိုက်တယ် လို့ အောက်တိုဘာလ ၂၂ ရက်နေ့က ထိုင်းအစိုးရက ကြေညာ ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-နိုင်တင်းန် ကပ်ရောဂါကြောင့်အပြင်၊ စစ်တပ်က အာဏာသိမ်းလိုက်လို့ ပြည်တွင်းစစ် ပိုပြင်းထန်လာတဲ့အတွက် စက်ရုံ၊ အလုပ်ရုံ လေးရာကျော် ပိတ်ရသလို၊ အလုပ်သမား နှစ်သိန်းလောက် အလုပ်လက်မဲ့ ဖြစ်ရတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက RFA ကို ပြောထားပါတယ်။
ဒီကာလမှာ တိုင်းပြည်စီးပွားရေး ခြောက်ဒသမ ငါးရာခိုင်နှုန်းထိ ကျဆင်းသွားသလို၊ လူ သုံးသန်းလောက် စားနပ်ရိက္ခာ ပြတ်လတ်မယ့် အခြေအနေရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း ပြောဆိုထား ပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာငွေကြေးဖောင်းပွနှုန်း အဆမတန်မြင့်ပြီး ဒေါ်လာဈေး၊ ရွှေဈေး၊ ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ၊ လူငယ်တွေဟာ အလုပ်အကိုင်ရဖို့အတွက် နည်းလမ်းမျိုးစုံ ရှာဖွေ နေတာ တွေ့ရပါတယ်။